ဗုံးလန့်ခဲ့သည့် မန်ယူ - ဘုန်းမောက်ပွဲကို အင်္ဂါညတွင် ပြန်ကစားမည်

ဗုံးလန့်ခဲ့သည့် မန်ယူ - ဘုန်းမောက်ပွဲကို အင်္ဂါညတွင် ပြန်ကစားမည်

မေ ၁၆၊ မန်ချက်စတာ ။                  ။ ရွှေ့ဆိုင်းခဲ့ရသော ပရီးမီးယားလိဂ်ပွဲဖြစ်သည့် ဘုန်းမောက်နှင့်ပွဲကို မေ ၁၇ အင်္ဂါညတွင် ပြန်ကစားမည်ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းက အတည်ပြုသည်။

တနင်္ဂနွေတွင်ကစားရန်စီစဉ်ထားသည့်ယင်းပွဲသည် ဗုံးလန့်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဂရိတ်မန်ချက်စတာရဲအဖွဲ့က လှည့်စားမှုတစ်ခုသာဖြစ်သည်ဟု အတည်ပြုသည်။

ပွဲကြည့်စင်တစ်ခုရှိ အိမ်သာခန်းအတွင်းတွေ့ရသည့်ပစ္စည်းမှာ ပွဲမတိုင်မီတွင် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုက ဗုံးလေ့ကျင့်မှုလေ့ကျင့်ခန်း လုပ်ပြီး မေ့ကျန်ခဲ့သည့် လေ့ကျင့်ရေး ဗုံးတုတစ်ခုသာ ဖြစ်သည်။

"မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေ၊ ရဲတွေနဲ့ အရေးပေါ်ဝန်ဆောင်မှုတွေရဲ့ ဒီနေ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်သလို ပွဲကိုလည်း အင်္ဂါနေ့မှာပြန်ကစားဖို့ စီစဉ်နိုင်ခဲ့ပါတယ်။
ပွဲကိုပြန်ကစားနိုင်ဖို့ မန်ချက်စတာယူနိုက်တက်ရော ဘုန်းမောက်စီမံခန့်ခွဲရေးပိုင်းကပါ အထောက်အကူအလွန်အမင်းရရှိခဲ့ပါတယ်"ဟု ပရီးမီးယားလိဂ်မှထုတ်ပြန်သော ကြေညာချက်တွင်ရေးထားသည်။

တနင်္ဂနွေနေ့က ကစားသောပွဲတွင် မန်စီးတီးအသင်းသည် ဆွမ်ဆီးနှင့်သရေကျခဲ့သောကြောင့် ယူနိုက်တက်အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်မှာ အဆုံးသတ်ခဲ့ပြီးဖြစ်သည်။

ယူနိုက်တက်အနေဖြင့် စီးတီးကိုကျော်လိုလျှင် ဘုန်းမောက်ကို ၁၈ ဂိုးနှင့်အထက်နိုင်မှသာ ရလိမ့်မည်ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ဘုန်းမောက်ကို မရှုံးအောင်ကစားမှသာ ဆောက်သမ်တန်လက်ထဲမှ အဆင့် ၅ နေရာကို ပြန်ယူနိုင်မည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly