မူလအခြေအနေ ပျက်ယွင်းသွားတဲ့ ကချင်ကျောက်စိမ်းမြေ

မူလအခြေအနေ ပျက်ယွင်းသွားတဲ့ ကချင်ကျောက်စိမ်းမြေ

ဖားကန့်ဒေသကျောက်စိမ်းအလွန်အကျွံတူးဖော်မှုကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်နေပါတယ်

ဖားကန့် (Myanmar Now) ။                 ။ မြန်မာပြည်ရဲ့ အကြီးဆုံးကျောက်စိမ်းတွင်း တည်ရှိရာကချင်ပြည်နယ် ဖားကန့်မြို့ဝန်းကျင်မှာ သစ်တောများကိုအပြောင်ရှင်းပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို ဧရာမယန္တရားမျိုးစုံနဲ့ လုပ်ကိုင်နေပါတယ်။

ဒေသခံတွေရဲ့ မျက်စေ့အောက်ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ မြင့်မြင့်မားမား တောင်ကုန်းကြီးတွေဟာ ဟိုနားဒီနားမှာမြေစာပုံတွေအဖြစ် ဘဝပြောင်းသွားကြပါပြီ။ အိမ်ခြေ ၂ဝဝ ကျော်ရှိတဲ့ သာယာကုန်းရွာဟာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်တွေကို ဦးစားပေးရတာကြောင့် ပြီးခဲ့တဲ့ဆယ်နှစ်လောက်က ရွာကိုနေရာရွှေ့ပေးခဲ့ရတယ်၊ အခုတော့ ကျောက်မိုင်းတွေက ရွာဘေးရောက် လာပြန်ပြီလို့ ဒေသခံတစ်ယောက်ဖြစ်တဲ့ ဒေါ်ကိုင်ယင်းကပြောပါတယ်။

“ပေါင်မုန့်ကိုဓားနဲ့ပတ်ပတ်လည်လိုက်လှီးထားသလို(တောင်တွေ)

အတုံးလိုက်ကြီးထောင်နေတဲ့နေရာမှာကျွန်မတို့နေနေကြရတာ။ ဘယ်အချိန်ပြိုမလဲကိုစောင့်နေကြရသလိုပဲ”လို့ဒေါ်ကိုင်ယင်းကဆိုပါတယ်။ ရာအိမ်မှူးတစ်ယောက်ဖြစ်တဲ့ ဦးလမာတူးဂျာကတော့  ကမ်းပါးပြိုကျပြီးသူတို့ရွာချောက်ထဲကျ မြေမြှုပ်ခံရမယ့် အန္တရာယ်တွေ့ကြုံနေရပေမယ့် မြေပြန်ဖို့ပေးရေး၊ လုပ်ငန်းရပ်ဆိုင်းရေးအတွက်  ကုမ္ပဏီတွေကိုတောင်းဆိုဖိအားပေးဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

“မနှစ်ကလည်းအိမ်ခြေတော်တော်လေးပြိုတယ်။ တအားပြောလို့လည်းမရဘူးလေ။ကျွန်တော်တို့လည်းကြောက်ရတာပဲ။ သူတို့ကကိုယ့်ထက်ဓနအခြေအနေ စွမ်းနေတာ”လို့ ဦးလမာတူးဂျာကပြောပါတယ်။
တူးဖော်ရေးလုပ်ငန်းကြီးတွေကြောင့် မြေစာပုံတောင်ကုန်းတွေ၊ ပေပေါင်းရာနဲ့ချီနက်ရှိုင်းတဲ့ ချိုင့်ဝှမ်းတွေ ပေါ်ပေါက်လာပြီးကျေးရွာတွေဟာမြေပြိုမှု၊ လူတွေကြောင့်ဖြစ်ပေါ်တဲ့ သဘာဝဘေးဒဏ်တို့နဲ့ ရင်ဆိုင်ရမယ့် အခြေအနေမှာရှိနေပါတယ်။ တောင်ကုန်းကြီးတွေလို ဖြစ်လာကြတဲ့  မြေစာပုံတွေဟာလည်းမကြာခဏပြိုကျနေတာကြောင့် လူသေဆုံးမှု အများအပြားဖြစ်ပေါ်နေပါပြီ။

အစုလိုက်အပြုံလိုက်သေဆုံးမှု

လုံးခင်း၊ ဖားကန့်ရတနာမြေမှာစွန့်ပစ်မြေနဲ့ ပတ်သက်ပြီးစနစ်တကျစီမံခန့်ခွဲွမှု၊ စနစ်တကျ ကြီးကြပ်မှု အားနည်းလွန်းတယ်လို့ ဒေသခံတွေကဆိုပါတယ်။ တစ်သုံးလုံးကုမ္ပဏီရဲ့စွန့်ပစ်မြေစာပုံမှာဒီနှစ်ရဲ့ ပထမငါးလအတွင်းဖြစ်ပေါ်တဲ့မြေပြိုမှုကြီးတွေမှာ သေဆုံးသူအရေအတွက် ၈ဝ ကျော် အနည်းဆုံးရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက စိုင်းဂျာဘွန်ရွာအထက်ဘက် တရားမဝင် တဲအိမ်ဆောက်နေထိုင်ကြသူတွေ၊ ဈေးသည်တွေ၊ ရေမဆေးကျောက် ရှာဖွေသူတွေမြေစာပုံအောက် ရောက်သွားပါတယ်။ အဲဒီမြေစာပုံပြိုကျမှုဖြစ်ရပ်မှာရုပ်အလောင်းတစ်ရာကျော် ရှာဖွေတွေ့ရှိခဲ့ပြီးပျောက်ဆုံးသူအရေအတွက်ကတော့ နှစ်ရာဝန်းကျင် ရှိမယ်လို့ဖားကန့် အခြေစိုက် လူမှုရေးအဖွဲ့တွေကခန့်မှန်းကြပါတယ်။
၂ဝ၁၄ခုနှစ်မိုးတွင်း ကာလမြယမုံလုပ်ကွက်မြေစာပုံပြိုကျမှုဖြစ်ရပ်မှာ သေဆုံးသူအရေအတွက်တစ်ရာကျော်ပါတယ်။   မြေပြိုမှုကြောင့် သေဆုံးမှုနှုန်းဟာ ယခင်နှစ်တွေကဆယ်ဂဏန်းသာရှိပေမယ့် ဒီဘက်နှစ်တွေမှာတော့ ရာဂဏန်းအထိဖြစ်လာပါပြီ။

စွန့်ပစ်မြေစာပုံတွေ ကျစ်လျစ်သွားအောင်ပြန်မကြိတ်ကြတဲ့အတွက် အလွယ်တကူ ပြိုကျလွယ်တယ်၊ တူးဖော်ရေးလုပ်ငန်းတချို့မှာသုံးတဲ့ ယမ်းအားပြင်းဖောက်ခွဲမှုတွေက လည်းမြေပြိုမှုကို အားဖြည့်ပေးသလို ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆိုင်းတောင်ရွာဟောင်းနေရာမှာကုမ္ပဏီ၁၂ခုလောက်ရဲ့ မြေစာပုံတွေဟာနာမည်ကျော်ဥရုချောင်းဘေးမှာ ဖြစ်နေတာကြောင့်ဒီနှစ်မိုးတွင်းချောင်းထဲကို မြေစာပုံပြိုကျသွားရင် ရွာပေါင်း ၁ဝ ရွာလောက် ဟာရေဘေးအန္တရာယ်ကြုံရမယ်လို့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဒေါ်ကိုင်ရာကခန့်မှန်းပါတယ်။

“နှစ်တိုင်းလိုလို ရွာတွေထဲရေဝင်ပေမယ့်ဒီနှစ်က ပိုဆိုးမယ်။ အရင်နှစ်တွေကချောင်းကောတာလောက်ပဲဖြစ်တာ။ ဒီနှစ်ကမြေစာပုံတွေကမိုးရေကြောင့်ပြိုကျပြီးချောင်းထဲဝင်ပိတ်မှာတော့ ကျိန်းသေဖြစ်လာနိုင်တယ်”လို့သူက ဆိုပါတယ်။ “ဥရုချောင်းဘေးမှာ မြေပြိုပြီးချောင်းထဲဝင်လာနိုင်မယ့်မြေစာပုံတွေက အများကြီး”

ပိတ်မိနေတဲ့ဒေသခံတွေ

အာဏာပိုင်တွေကဖားကန့်ဒေသတွင်းချောင်းတွေနဲ့ ပေ၃ဝဝအတွင်းမှာမြေစာစွန့်ပစ်မှုမပြုရဘူးလို့ ညွှန်ကြားထားပြီးမြေစာစွန့်ရမယ့်နေရာ၁၂ခုသတ်မှတ်ပေးထားပါတယ်။ စနစ်တကျစွန့်ပစ်မှု ရှိမရှိ၊ မြေစာပုံပြိုကျမယ့်အန္တရာယ်တို့နဲ့ ပတ်သက်ပြီးပြည်နယ်အစိုးရရဲ့ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့၁၁ဖွဲ့ကအပတ်စဉ် စစ်ဆေးတယ်လို့ မြန်မာ့ကျောက်မျက်ရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးသက်ခိုင်ကပြောပါတယ်။

ဒေါ်ကိုင်ယင်းကတော့ အာဏာပိုင်တွေဟာတိတိကျကျ စစ်ဆေးအရေးယူဆောင်ရွက်ခြင်း မရှိသလိုမြေစာပုံတစ်ခုဟာ ၆ လ အတွင်းမှာတင် ဖားကန့်ဒေသတောင်တွေထက် မြင့်မားသွားတာ ကဘာ့ကြောင့်လဲလို့မေးခွန်းထုတ်ပါတယ်။

မြေစာသယ်ယာဉ်ကြီးတွေ ရွာလမ်းမတွေကနေ ဖြတ်သန်းသွားလာချိန်မှာ ယာဉ်မတော်တဆမှုတွေလည်းမကြာခဏ ဖြစ်တာတွေကြောင့်ဒေသခံလူမှုရေးအဖွဲ့တွေက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကားလမ်းပိတ် ဆန္ဒပြတဲ့အတွက် ရွာလမ်းတွေမှာ အရှိန်လျှော့မောင်းဖို့ကုမ္ပဏီတွေက သဘောတူခဲ့ပါတယ်။

စိုင်းဂျာဘွန်ရွာဟာကျောက်စိမ်းတွင်းတွေကိုဦးစားပေးရတာကြောင့်၂၅ နှစ်အတွင်း၄ကြိမ်တိုင်တိုင်နေရာရွှေ့ပေးခဲ့ရတဲ့ရွာပါ။ ပြီးခဲ့တဲ့နှစ်ကရွာလယ်လမ်း မမြေသားတွေကွဲအက်လာတဲ့ အတွက်မြေပြိုမယ့်အန္တရာယ်ကို ကာကွယ်ပေးဖို့ အာဏာပိုင်တွေဆီတောင်းဆိုထားကြပေမယ့် ကနေ့အချိန်အထိထူးခြားမှု မရှိသေးဘူးလို့ဒေသခံဒေါ်ရွယ်ဂျားကဆိုပါတယ်။

“ဒီရွာလေးမပျက်အောင်လို့ဒီချောက်ထဲကိုမြေစာတွေ ပြန်ဖြည့်ရင်ဖြည့်၊ဒါမှမဟုတ်သင့်တော်တဲ့၊အန္တရာယ်ကင်းတဲ့တစ်နေရာရာမှာရွာပြန်တည်ပေးဖို့ကောင်းတယ်”လို့၅၈နှစ်အရွယ်ဒေါ်ရွယ်ဂျားကဆိုပါတယ်။
“ဒီအတိုင်းသာဆိုဒီနှစ်မိုးတွင်းမှာညပိုင်းအိပ်လို့တောင်ပျော်မှာမဟုတ်တော့ဘူး။ဘယ်အချိန်ပြိုကျမလဲစိုးတထိတ်ထိတ်ဖြစ်နေရပြီ”

တူးဖော်မှု ရပ်ဆိုင်းရေး

ဖားကန့်ရတနာမြေရဲ့မိုင်၂ဝပတ်ဝန်းကျင်မှာတောင်အလုံး၅ဝကျော်ကုန်သွားပြီလို့ ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလမာလတောင်ကပြောပါတယ်။ ကုမ္ပဏီတွေအလွန်အကျွံ တူးဖော်နေတာကိုလည်းတရားဝင်လုပ်ပိုင်ခွင့်ပေးထားသလိုဖြစ်နေတယ်လို့သူကမှတ်ချက်ချပါတယ်။

မတ်လနှောင်းပိုင်းမှာတော့  ဒေသခံလူမှုအဖွဲ့အစည်းတွေကရန်ကုန်မြို့မှာသတင်းစာရှင်းလင်းပွဲ သွားရောက်ပြုလုပ်ပြီးကျောက်စိမ်း အလွန်အကျွံထုတ်ယူမှုကို စုံစမ်းရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးပေး ဖို့တောင်းဆိုကြပါတယ်။

သယံဇာတစီမံခန့်ခွဲရေးမူဝါဒ၊ဥပဒေ၊လုပ်ထုံးလုပ်နည်းတွေကိုအမြန်ဆုံးအကောင်အထည်ဖော်ဖို့၊ကျောက်စိမ်းတူးဖော်မှုတွေကိုရပ်ဆိုင်ပေးထားဖို့လည်းတောင်းဆိုပါတယ်။

“ကျောက်စိမ်းအလွန်အကျွံတူးတာကိုနေပြည်တော်မှာတားမြစ်ဥပဒေရေးဆွဲကြမယ့် အချိန်မှာတောင်တွေအလျင်အမြန်ပျောက်သထက်ပျောက်၊ချောက်တွေနက်သထက်နက်လာမယ်" လို့ ဖားကန့်ဒေသမှသတင်းသမားတစ်ယောက်ဖြစ်တဲ့ ဦးဇော်မိုးထက်ကပြောပါတယ်။

Global Witness အဖွဲ့၊အရှေ့တောင်အာရှရုံးခွဲ ပြောရေးဆိုခွင့်ရှိသူမိုက်ဒေးဗစ်ကလုပ်ငန်းတွေကိုရပ်ဆိုင်းထားရေးဒေသခံတွေတောင်းဆိုတာကိုထောက်ခံတယ်လို့ ဆိုပါတယ်။
“အစိုးရသစ်အနေနဲ့ကျောက်စိမ်းလုပ်ငန်းအချက်အလက်တွေ၊ကိန်းဂဏန်းတွေကိုပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်ပေးဖို့လိုအပ်တယ်" လို့မိုက်ဒေးဗစ်ကMyanmar Now ကိုပြောပါတယ်။
ဖားကန့်ကျောက်စိမ်းကိစ္စဟာကချင်ပြည်နယ်ရော မြန်မာတစ်နိုင်ငံလုံးအတွက်ပါအကျိုးအမြတ်ရှိစေတဲ့လုပ်ငန်းဖြစ်တဲ့အတွက်အစိုးရအနေနဲ့နိုင်ငံရေး၊စီးပွားရေးအရဦးစားပေးလုပ်ဆောင်သင့်တဲ့ကိစ္စဖြစ်တယ်လို့ သူကဆိုပါတယ်။

အစိုးရသစ်ကတော့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရေးတောင်းဆိုချက်များနဲ့ ပတ်သက်ပြီးတုန့်ပြန်ခြင်းမရှိသေးပါဘူး။သို့သော်လည်းကုမ္ပဏီအသစ်တွေ၊ လုပ်ကွက်အသစ်တွေ ခွင့်ပြုမှာမဟုတ်ဘူးလို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးဦးအုန်းဝင်းကအမျိုးသားလွှတ်တော်ရဲ့ မေလ ၁၁ ရက်နေ့အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။

“မြေစာပုံဖို့၁၂နေရာသတ်မှတ်ထားပါတယ်။သတ်မှတ်ထားတဲ့နေရာမှာစွန့်ပစ်မှုရှိမရှိ၊မြေစာပုံမှာတရားမဝင်ပျံကျတဲတွေရှိမရှိ၊မြေစာပုံပြိုနိုင်မှုရှိမရှိကိုမြို့နယ်မြေစာကြီးကြပ်စစ်ဆေးရေးအဖွဲ့နဲ့ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့တွေကကွင်းဆင်းကြီးကြပ်သွားမှာဖြစ်ပါတယ်”လို့သူကပြောပါတယ်။
ကျောက်စိမ်းတွင်းကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုကိုစိစစ်ဖို့   ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ခုဖွဲ့စည်းတာဝန်ပေးမယ်၊ ဒီအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်တွေ ဆက်လက် ရေးဆွဲမယ်၊ ရေးဆွဲပြီးအစီအစဉ်တွေကိုလည်းဆက်လက် အကောင်အထည် ဖော်မယ်လို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။

ဖားကန့်အခြေအနေနဲ့ပက်သက်ပြီးစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စကိုဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များစုပေါင်း သုံးသပ်နေတယ်လို့ ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးတင့်စိုးကပြောပါတယ်။

“စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်ရမယ့်လူတွေကဒီလုပ်ငန်းကိုလည်းကျွမ်းကျင်ပြီးဘယ်သူ့မျက်နှာမှမကြည့်တဲ့သူတွေဖြစ်ဖို့လိုတယ်”လို့သူကပြောလိုက်ပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly