ရက် ၁၀၀ စီမံကိန်းအရ သာကေတမြို့နယ်အတွင်း ရေစီးရေလားကောင်းမွန်ရေး ဦးစားပေးစတင်မည်

ရက် ၁၀၀ စီမံကိန်းအရ သာကေတမြို့နယ်အတွင်း ရေစီးရေလားကောင်းမွန်ရေး ဦးစားပေးစတင်မည်

ရန်ကုန်၊ မေ ၁၅ ။  ။ ရက် ၁၀၀ စီမံကိန်းအရ သာကေတမြို့နယ်အတွင်း လူထု၏ လိုအပ်ချက်တစ်ခုဖြစ်သည့် ရေစီးရေလာကောင်းမွန်ရေးကို ဦးစားပေး စတင်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ 

သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝေဖြိုးအောင်က “သာကေတမြို့နယ်အခက်ခဲကတော့ မြို့ပြလူနေမှုတွင် ရေစီးရေလာကောင်းမွန်ရေးကိစ္စ၊ စနစ်တကျ အကွက်ရိုက် ပုံဖော်မှု နှစ်ပေါင်းများစွာ ပျက်ယွင်းနေတဲ့အတွက် ပြဿနာ မြောင်းပိတ်ဆို့မှုများကို အဓိက ဦးစားပေး ပြင်ဆင်ရမယ်” ဟု ပြောသည်။

ရေမြောင်း ရှင်းလင်းရေးပိုင်းကို မေ ၁၄ရက်က စတင်ပြီး ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးရုံးမှ မြောင်းကျော် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို နောက်သို့ဆုတ်၍ ဖွင့်လှစ်ရန် လိုက်လံသတိပေးသွားမည်ဟု သိရသည်။

“ ဈေးဆိုင်တဲတွေဖျက်ခိုင်းတာဆိုရင်တော့ အဆင်မပြေလောက်ဘူး။ အစိုးရအပြောင်းအလဲကိုတော့ လက်ခံတယ်။ ဒါပေမယ့် သူတို့လုပ်ကွက်ကို ပြလေ။ ရပ်ကွက်တိုင်းက ရေစီးရေလာ လုံးဝမကောင်းဘူး၊  အဲတော့ မြောင်းဘောင်တွေရိုက်ပြီး သေချာမြောင်းကို အရင်လုပ်စေချင်တယ်။ ခက်တာက အထက်ကခိုင်းတာတစ်မျိုး အခုရပ်ကွက်တွေမှာ ဈေးဆိုင်းတွေဖျက်ဆိုရင်တော့ လူထုနဲ့ ပြဿနာ တက်နိုင်တယ်” ဟု သာကေတ ၃ရပ်ကွက်နေ ဦးသက်အောင်က မဇ္ဈိမကို ပြောသည်။

ရေစီးရေလာကောင်းမွန်ရေး ပထမ စီမံချက် အနေဖြင့် မေလကုန်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံခန့်ခွဲမှု ကော်မတီအပါအဝင် စည်ပင်သာယာရေးကော်မတီတို့ကို တင်ပြသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝေဖြိုးအောင်က ပြောသည်။

လုပ်ဆောင်ရာတွင် ပြည်သူအသုံးများသည့် လမ်းမကြီးများကို ပထမဦးစားပေး၊ ရပ်ကွက်ဖောက်ထားသည့် လမ်းမများကို ဒုတိယ ဦစားပေး၊ တတိယ ဦးစားပေး အနေဖြင့် လမ်းသွယ်များကို လုပ်သွားမည်ဖြစ်သည်။

ပြင်ဆင်မှုအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာဌာနများနှင့် ညှိနှိုင်းအစည်းအဝေးများ ပထမအကြိမ်ပြုလုပ်ပြီး ဖြစ်ပြီး မတ်လနောက်ဆုံးပတ်တွင် သက်ဆိုင်ရာ ဌာနများကို တင်ပြ၍ ဘက်ဂျက်တောင်ခံမှု၊ ပြင်ဆင်မှုများ စတင်သွားမည်ဟု ၎င်းကပြောသည်။ သာကေတမြို့နယ်အတွင်း စည်ပင်သာယာမှ သောက်သုံးရေ ပေးဝေမှုမှာ  ၃၀ ရာခိုင်နှုန်းသာ ရှိသည်ဟု၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required