မြေစာပုံအောက်က အသံများကို နားထောင်ကြည့်ပါ

မြေစာပုံအောက်က အသံများကို နားထောင်ကြည့်ပါ
ဖားကန့်ဒေသရှိ အစိုးရပိုင်ကျောက်စိမ်းလုပ်ကွက်အားတွေ့ရစဉ်။ ဓာတ်ပုံ - Kachin Land

မနေ့တနေ့က ထုတ်ဝေတဲ့ နေ့စဉ်သတင်းစာတစ်စောင်မှာ “ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းနယ်မြေ၌ အတိုင်းအဆမဲ့ ကျောက်စိမ်းတူးဖေါ်ခြင်း၊ စည်းကမ်းမဲ့မြေစာ စွန့်ပစ်ခြင်းတို့ ကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးစေခြင်း၊ မြေစာပုံပြို၍ အသက်ဆုံးရှုံးမှုများဖြစ်ခြင်းတို့ ကြောင့် ဒေသခံများကိုယ်တိုင်က ဆန့်ကျင်တားမြစ်နေရခြင်းတို့ ဖြစ်ပွားနေရာ နိုင်ငံတော်အစိုးရအနေ ဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများအား ဥပဒေနှင့်အညီ စနစ်တကျ အချိန်မီတားမြစ်ရန် အစီစဉ် ရှိ၊ မရှိ အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်တွင် မေးမြန်းမည်ဖြစ်ကြောင်း ” ဖတ်ကြရပါတယ်။

ဖါးကန့်ကျောက်စိမ်းမြေမှာ မြေစာပုံပြိုကျပြီး မြေစာပုံပိလို့ လူတွေ အစုအပြုံလိုက် သေဆုံးရတဲ့ သတင်းဟာ ကမ္ဘာကျော်သတင်း ဖြစ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်ဦးပိုင်းကဆိုရင် မိုးအဆက်မပြတ်ရွာတဲ့ အပြင် အခုလို စည်းကမ်းမဲ့ အတိုင်းအဆမရှိ မြေစာပုံတွေ ပုံခဲ့တာမို့ မြေပြိုတဲ့အခါ လူ ရာချီပြီး မြေစာပိ ကွယ်လွန်ခဲ့ကြရပါတယ်။ တချို့ဆိုရင် အလောင်းတောင်မှ ပြန်ရှာလို့ မရခဲ့ကြပါဘူး။

ဒီတုန်းက ဒေသတာဝန်ရှိသူတွေကော နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေဟာ အဲဒီ လူ ရာချီ သေဆုံးရတဲ့ မြေစာပုံပြိုကျမှုကိစ္စကို ထိထိရောက်ရောက် လျင်လျင်မြန်မြန် အရေးယူဆောင်ရွက်တာ မတွေ့ခဲ့ကြရပါဘူး။ အခုတော့ လွှတ်တော်မှာ မေးမြန်းရတဲ့အထိ ဖြစ်လာခဲ့ပြန်ပါပြီ။

မြေစာပုံ ပြိုကျတဲ့နေရာတွေဟာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီမြေနေရာများဖြစ်ပြီး မြေပိခံရတဲ့သူတွေ ဟာ တရားမဝင် ရေမဆေး ကျောက်စိမ်းရှာသူများသာဖြစ်လို့ လျော်ကြေးအပါဝင် ဥပဒေကြောင်းအရာ ဖြေရှင်းဖို့ရာ ခက်တယ်ဆိုတဲ့ တုန့်ပြန်သံတချို့လည်း ကြားခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း လူတစ်ရာ ဝန်းကျင် သေဆုံးရခြင်းဟာ သာမာန်ကိစ္စမဟုတ်တဲ့အပြင် သေဆုံးရသူများဟာလည်း ကိုယ့်နိုင်ငံသား လူသားများသာဖြစ်တာမို့ မလွဲမသွေ အရေးယူဖြေရှင်းဆောင်ရွက်ပေးရမှာ မလွဲပါဘူး။

တခါ တရုတ်ပြည်မှာလည်း မြေပြို မြေပိလို့ လူ ၃၀ ကျော်သတင်းထွက်ပေါ်လာတဲ့အခါ ဒီလို မြေပြိုမြေပိ သေဆုံးရခြင်းဟာ ဘာမှမဆန်းတဲ့ သဘောဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းခြင်းအပေါ် မူတည်တယ်ဆိုတဲ့ သဘောထား အသံတချို့လည်း ကြားရပါတယ်။

တကယ်တော့ ဖါးကန့်ဒေသ မြေပြိုကျတဲ့ကိစ္စရဲ့ အဓိက လက်သည်တရားခံက လုပ်ကိုင်ခွင့် ရတဲ့ ကုမ္ပဏီများအနေနဲ့ မြေစာတွေကို စနစ်တကျ မပုံတာ၊ အတိုင်းအဆမရှိ လွန်လွန်ကဲကဲ မြေတူး တာတွေကြောင့် မြေစာပုံကြီးတွေ နေ့ချင်းညချင်းဖြစ်လာရာက အခုလို မြေပြိုကျရခြင်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မိုးရွာချလိုက်တော့ မြေပြိုတဲ့ကိစ္စက ပိုဆိုးသွားခဲ့တာပါ။

ကုမ္ပဏီတွေဟာ မြေစာပုံတွေကို စနစ်တကျ အန္တရယ်အနည်းပါးဆုံးဖြစ်တဲ့နည်းနဲ့ စုပုံကြရပါ လိမ့်မယ်။ ပြီးတော့ စာချုပ်စာတမ်းအပေါ်မူတည်တဲ့ မြေတူးမှုမျိုးကိုပဲ ပြုလုပ်ခွင့်ရှိပါတယ်။ အခုတော့ အရပ်ရပ် ကြားလို့မြင်လို့မှ မကောင်းအောင် ထောင်သောင်းချီတဲ့ကားတွေ မြေတူးစက်တွေနဲ့ ၂၄ နာရီ မပြတ် မြေတူးခဲ့ကြတာမို့ မထင်မှတ်တဲ့အချိန် မထင်မှတ်တဲ့နေရာတွေမှာ မြေပြိုတဲ့အခါ ဒီမြေစာပုံ ထဲဖြဲပြီး ဝမ်းစာရှာစားရတဲ့ တနေ့လုပ်မှ မနေ့စားရတဲ့ ဆင်းရဲသား ရေဆေးသမားတွေ အခုလို အစုအ ပြုံလိုက် မြေပိခံကြရတာ ဖြစ်ပါတယ်။

ဖါးကန့်ဒေသဟာ အခုဆိုရင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူတွေ၊ ဇိမ်ခန်းဇိမ်မယ်တွေ ကျက်စားရာ ဒေသဖြစ်တဲ့အပြင် နေရာလေးခုမှာ တနေ့တည်း ပေါက်ကွဲမှုလေးကြိမ်ဖြစ်တဲ့အထိ တရားဥပဒေစိုးမိုးမှု မဲ့တဲ့နေရာဖြစ်လာနေပါပြီ။ လွှတ်တော်မှာ အဆိုတင်သွင်းမယ်ဆိုတာ နောက်တောင် ကျနေတဲ့သဘော ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသား ဆင်းရဲသားတွေ ကွယ်လွန်သွားကြရသူတွေ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုနဲ့ မြေနေရာအလုခံကြရတဲ့ ဒေသခံများရဲ့ မျက်ရည်နဲ့သွေးတွေကတော့ စကား ပြောစ ပြုလာပြီဖြစ်ပါတယ်။ နိုင်ငံတော် တာဝန်ရှိသူများအနေနဲ့ ဖါးကန့်ဒေသ ဥပဒေစိုးမိုးရေးနဲ့ နောက်ထပ် မြေပြိုမြေပိမှုများ ဖြစ်ပွားမလာရလေအောင် အလျင်အမြန် အရေးယူ ဖြေရှင်းဆောင်ရွက် ပေးရပါလိမ့်မယ်။ မြေစာပုံအောက်က ကွယ်လွန်သူ ကိုယ့်နိုင်ငံသားများရဲ့ ကြေကွဲဖွယ်အသံများကို တာဝန်ရှိသူများအနေနဲ့ အထင်အရှား ကြားနိုင်ကြပါစေလို့ မဇ္ဈိမက နှိုးဆော် မောင်းခတ်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required