ငါးနှစ်အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းပြီး တပ်မတော် ၂၅ရာခိုင်နှုန်း လွှတ်တော်မှ ထွက်ခွာမည်ဟု တပ်ချုပ်ပြော

ငါးနှစ်အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းပြီး တပ်မတော် ၂၅ရာခိုင်နှုန်း လွှတ်တော်မှ ထွက်ခွာမည်ဟု တပ်ချုပ်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၁၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ သမ္မတဦးထင်ကျော်၏ အစိုးရသက်တမ်းငါးနှစ်အတွင်း စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းမည်ဖြစ်ပြီး လွှတ်တော်တွင်း နေရာယူထားသော တပ်မတော်သားအမတ် ၂၅ရာခိုင်နှုန်းမှာလည်း ပြည်သူ့ဆန္ဒအတိုင်း ဖြစ်စေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

"ကျွန်တော်တို့ ဒီဒုတိယငါးနှစ်မှာ တစ်ကယ်ငြိမ်းချမ်းရေးရအောင် လုပ်ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)ကိုလည်း ကျွန်တော်ပြောပါတယ်။  အစ်မရေ...ဒီကာလကတော့ ငြိမ်းချမ်းရေးရအောင် လုပ်ရလိမ့်မယ်။ သူလည်း ဒါကို လက်ခံပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရွေးကောက်ခံ အရပ်သားအစိုးရသစ်တာဝန်ယူပြီးနောက် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် မေလ ၁၃ရက်က ပထမဆုံးအကြိမ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"နိုင်ငံရေးက အဓိက မဟုတ်ဘူး။ ငြိမ်းချမ်းရေးက အဓိကပါ။ နိုင်ငံရေးက သူ့အချိန်အခါနဲ့သူ လုပ်သွားလို့ရတယ်။ ငြိမ်းချမ်းရေးကျတော့ စောစောရလေ ကောင်းလေပဲ" ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

ထို့ပြင် ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်တွင် လုပ်ဆောင်သွားမည်ဟု ခံယူထားသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

"ကျွန်တော်က တပ်မတော်အကြီးအကဲဆိုပေမယ့် နိုင်ငံ့ခေါင်းဆောင်က သမ္မတ၊ ကျွန်တော်က သမ္မတအောက်မှာပဲ ရှိတယ်။ ကျွန်တော် ဒီလိုပဲ ခံယူထားတယ်" ဟု ဆိုသည်။

လူထုထောက်ခံမှုဖြင့် မြန်မာနိုင်ငံကို ဦးဆောင်နေပြီဖြစ်သော သမ္မတဦးထင်ကျော်ဦးဆောင်သည့် အစိုးရသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ရက်(၁၀၀)စီမံချက်ဖြင့် စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။

အဆိုပါ ရက်(၁၀၀)စီမံချက်တွင် အမျိုးသားရင်းကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်ရိုက်ခန့်အပ်ထားသည့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"သမ္မတကြီး ဦးထင်ကျော် လမ်းညွှန်ထားတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့လေ၊ ဒီလုပ်ငန်းစဉ်မှာ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly