ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ လမ်းကြောင်းပြောင်းရန် ညွှန်ကြားခံရ

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ လမ်းကြောင်းပြောင်းရန် ညွှန်ကြားခံရ
 ဓာတ်ပုံ-ထက်ထက်နိုင်

ရန်ကုန်၊ မေ ၁၂ ။          ။ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းသားများ စီစဉ်သည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး လမ်းလျှောက်ပွဲအတွက် သက်ဆိုင်ရာ ရဲစခန်းများတွင် ခွင့်ပြုချက်တောင်းခံရာ လမ်းကြောင်းပြောင်းလုပ်ရန် ညွှန်ကြားခံရကြောင်း YSPSကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုအောင်ဇော်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ဖြတ်သွားမယ့် လမ်းကြောင်းတွေမှာ ရှိတဲ့ တာမွေ၊ကျောက်တံတား၊ဗိုလ်တထောင် ရဲစခန်းတွေကို ပွဲနဲ့ပတ်သက်လို့ တစ်ပတ်ကြိုတင်ပြီး စာတင်တယ်။သူတို့ဘက်က မနေ့ကမှ အကြောင်းပြန်တယ်။ လမ်းကြောင်းအခက်အခဲကြောင့် မြို့တော်ခန်းမရှေ့မှာ ဘာသာရေးအကြီးအကဲတွေရဲ့ မေတ္တာတရားဆိုင်ရာဟောပြောမယ့် စကားတွေကိုသူတို့ခွင့်မပြုနိုင်ဘူးဆိုပြီး ကန့်သတ်လိုက်တယ်။နောက်ပြီး ကျွန်တော်တို့ကို နေရာပြောင်းခိုင်းတယ်”ဟု ကိုအောင်ဇော်က မဇ္ဈိမကို ပြောသည်။

ဤကဲ့သို့ ရွေ့ပြောင်းကျင်းပခိုင်းခံရသော်လည်း ငြိမ်းချမ်းရေးလုပ်ရပ်လုပ်ဆောင်နေခြင်း ဖြစ်၍ အဆိုပါဟောပြောမှုအစီအစဉ်ကို ဖြုတ်ပြီး မူလလမ်းကြောင်းမှာပင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို မေ ၁၄၇က်နေ့ ညနေ ကျောက်မြောင်းမီးပွိုင့် လမ်းဆုံ(ဘဟာအီရုံးချုပ် အနီး)မှ စတင်မည်ဖြစ်ပြီး ဗညားဒလလမ်း၊သိမ်ဖြူလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေ လမ်းမကြီးတစ်လျှောက်လမ်းလျှောက်ပြီး မဟာဗန္ဓုလပန်းခြံရှေ့တွင် ရပ်နားကာ ငြိမ်သက်စွာ ဝတ်ပြုဆုတောင်းကြမည်ဖြစ်သည်။

လမ်းတစ်လျှောက်နှင့် အဆုံးသတ်တွင်လည်း  ငြိမ်းချမ်းရေးဂီတသံစဉ်များဖြင့် တီးခတ်ဖျော်ဖြေသွားမည် ဖြစ်သည်။

ကျောက်တံတားမြို့နယ်ရဲစခန်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ “အဲ့ပွဲက လမ်းကြောင်းအခက်အခဲဖြစ်စေနိုင်လို့ ဗဟန်းဟစ်တိုင်ကနေ ဗိုလ်စိန်မှန်ကွင်းထိ လမ်းကြောင်းကို ပြောင်းလျှောက်ခိုင်းတာပါ။ တခြားဘာအစီအစဉ်မှ ကန့်သတ်လိုက်တာမရှိပါဘူး” ဟု ဖြေကြားခဲ့သည်။

လမ်းလျှောက်ပွဲကို မူလလမ်းကြောင်းတွင်သာ ကျင်းပသွားမည့်အတွက် ပုဒ်မ၁၁ဖြင့် ငြိစွန်းသည်ဟု ဆိုလာပါလျှင်လည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုထက်အောင်လင်းက ဆိုသည်။

အဆိုပါပွဲကို ခွင့်ပြုထားသောလမ်းကြောင်းမဟုတ်ပဲ မူလလမ်းကြောင်းတွင်သာ ကျင်းပသွားမည်ဆိုပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required