နုန်းကန်ပြိုကျမှုကြောင့် တိုင်ကြားခံရသော ဒယ်လ်ကိုကုမ္ပဏီ လျော်ကြေးပေးရန် စီစဉ်ပြီ

နုန်းကန်ပြိုကျမှုကြောင့် တိုင်ကြားခံရသော ဒယ်လ်ကိုကုမ္ပဏီ လျော်ကြေးပေးရန် စီစဉ်ပြီ

ရေဖြူ၊ မေ ၁၁ ။           ။ ဒယ်လ်ကို ကုမ္ပဏီ၏ သတ္တုလုပ်ငန်းဆောင်ရွက်မှုကြောင့် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် နုန်းကန်ပြိုကျမှု နှင့် နောက်ဆက်တွဲ ဆိုးကျိုးများအတွက်  ဒေသခံများကို   လျော်ကြေးပေးရန် စီစဉ်နေပြီဖြစ်သည်။

ကုမ္ပဏီ၏ နုန်းကန်ပြိုကျမှုနှင့် ပတ်သက်ပြီး နစ်နာမှုကို တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိဟုဆိုကာ မေလ ၉ရက်က ကံပေါက်ဒေသခံများ လက်မှတ်ထိုးကာ တနင်္သာရီတိုင်းအစိုးရအဖွဲ့ကို တိုင်ကြားပြီး နှစ်ရက်အကြာတွင် လျော်ကြေးပေးရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

"ကုမ္ပဏီဘက်က နုန်းကန်ကို အခုပြန်ဆယ်ပြီး ပြန်ပြင်လိုက်ပါပြီ။ မြှုပ်သွားတဲ့ အိမ်တွေကိုလည်း ပြန်ဆောက်ပေးတဲ့အပြင် ပျက်စီးမှုအလိုက် ထိုက်သင့်တဲ့လျော်ကြေးတွေ   ပေးခဲ့ပါတယ်။   သေသွားတဲ့ကလေးအတွက်လည်း လျော်ကြေးအနေနဲ့ သိန်း ၇၀ ပေးခဲ့တယ်" ဟု ကံပေါက်ဒေသ စီမံကိန်းများအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးညွှန့်နှင်းက မဇ္ဈိမကို ပြောသည်။

ကုမ္ပဏီ၏ နုန်းကန်ပြိုကျမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး အိမ်ခြေ ၄၀ကျော် ပျက်ဆီးကာ လူပေါင်း ၃၀၀ကျော် ရွှေ့ပြောင်းမှုသည့် ဖြစ်ရပ်များ ၂၀၁၅ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်ရပ်များကြောင့် ဒေသခံများက ပတ်ဝန်းကျင်ထိခိုက်မှုများ၊ လူထု၏ အကျိုးစီးပွားထိခိုက်မှုများ မဖြစ်စေရန် ဒေသခံများ နှင့် ကုမ္ပဏီအကြား တရားဝင် သဘောတူညီမှုတစ်ရပ်   ပြုလုပ်ရန် ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုအပြီး နုန်းကန်ကြောင့် မည်သည့် ပြဿနာမျှ မပေါ်စေရဟု ကုမ္ပဏီက အာမခံခဲ့သော်လည်း ယခုလအတွင်း ကျန်ရှိသည့် နုန်းကန်ကို ဖောက်ချလိုက်ပြီး ကံပေါက်မြို့ ရဲရင့်ချောင်းတစ်လျောက် နုန်းရေ ၄ပေအထိ မြင့်တက်ခဲ့ရသည်။

လတ်တလောတွင် လျော်ကြေးဆောင်ရွက်ပေးပြီဖြစ်သည့် ကုမ္ပဏီ၏ CSR လုပ်ငန်းများကို အားပေးကာ ဝိုင်းဝန်းဆောင်ရွက်နေသော ဒေသခံများနှင့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများကြောင့်   ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာမှုများအပေါ် စိုးရိမ်ပူပန်နေသော ဒေသခံများဟူ၍ နှစ်ဖွဲ့ကွဲနေကြောင်းလည်း ဦးညွန့်နှင်းက ရှင်းပြသည်။

သို့သော် အဆိုပါဖြေရှင်းဆောင်ရွက်မှုသည် အစိုးရအဖွဲ့၏ ညွှန်ကြားမှု ဟုတ်၊မဟုတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နှစ်ကုန်ပိုင်းမှစတင်ကာ ဒယ်လ်ကိုကုမ္ပဏီသည် ပယ၊ ခွေးမဖောနှင့် ဇာဒီကျေးရွာများမှတစ်ဆင့် ခက်ယင်းချောင်းကို ဖြတ်ကာ ပင်လယ်သို့စီးဝင်သောချောင်း၏ အထက်ဘက်တွင် စွန့်ပစ်မြေဇာများ တန်ပေါင်းထောင်ချီစွန့်ပစ်နေမှုကြောင့် ဒေသခံများ၏ လယ်ယာစိုက်ပျိုးရေးအတွက် အရေးပါသော အဆိုပါချောင်းပျက်စီးသွားမည်ကို စိုးရိမ်နေကြကြောင်းသိရသည်။

"ချောင်းကတော့ တော်တော်ကောနေပါပြီ။ ပင်လယ်ထဲဝင်တဲ့ချောင်းဘက်တောင် မဟုတ်သေးဘူး။ ချောင်းဆုံတဲ့နေရာမှာ သောင်တောင်ထွန်းနေပါပြီ" ဟု ကံပေါက်ရွာသားတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါစွန့်ပစ်မြေစာများ တန်ပေါင်းထောင်ချီ စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအပေါ်ကိုမူ ဒယ်လ်ကို ကုမ္ပဏီက တစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဦးညွှန့်နှင်းက ပြောသည်။

ဖွံ့ဖြိုးတိုးတက်ထုတ်လုပ်မှုဖော်ဆောင်ရေး (ဒယ်လ်ကို)ကုမ္ပဏီသည် အမှတ်(၂)သတ္တုတွင်းစီမံကိန်း၏ ခွင့်ပြုချက်ဖြင့် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် သတ္တုရှာဖွေတူးဖော်ထုတ်လုပ်မှုများကို ၂ဝ၁ဝခုနှစ်မှ ၂ဝ၂ဝခုနှစ်အထိ မြေ ၂ဝ၈၇ ဧက ပေါ်တွင် လုပ်ကိုင်ခွင့်ရရှိထားသော အကြီးစား သတ္တုတွင်းကုမ္ပဏီတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required