တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ ဥပဒေကို လေးစားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ ဥပဒေကို လေးစားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော
ဓာတ်ပုံ-မာန်ဇာမြေမွန်

လက်ပံတောင်းကြေးနီစီမံကိန်းအား တရုတ်က ပြန်လည်စတင်ခြင်းအပေါ် ကျေးရွာပြည်သူရာပေါင်းများစွာ ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် တရုတ်အနေဖြင့် ကုမ္ပဏီများအား ပြည်တွင်းဥပဒေကို လေးစားလိုက်နာရန် အခါမလပ်တောင်းဆိုတိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၉ ရက်တွင် ပြောသည်။

 

တရုတ်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီ၏ လက်ခွဲတစ်ခုဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ လက်ပံတောင်းကြေးနီစီမံကိန်းတွင် မေ ၄ ရက်က ရဲအတားအဆီးများကို ပြည်သူအချို့က ချိုးဖျက်ခဲ့ပြီးနောက် ဆန္ဒပြမှုက ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ယင်းက အစိုးရသစ်အတွက် ပြည်သူတို့၏ မကျေနပ်မှုကို ဖြေရှင်းနိုင်ရေးမနိုင်ရေး ပထမဆုံးစမ်းသပ်မှုတစ်ခုလည်းဖြစ်လာသည်။

 

မြန်မာဝမ်ပေါင်ကုမ္ပဏီသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည်။ ကြေးနီတူးဖော်ရေးလုပ်ကွက်အဖြစ် ပိုင်ဆိုင်ရာ မြေယာများကို ဥပဒေမဲ့ သိမ်းယူခြင်းခံရကြောင်း ကျေးရွာသူရွာသားများက ပြောသည်။

 

ဆန္ဒပြမှုများနှင့် ပတ်သက်ပြီးမေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang က တရုတ်နှင့် မြန်မာသည် နှစ်နိုင်ငံစီးပွားရေးအတွက် အကျိုးတူပူးပေါင်းသည့် ရေရှည်မိတ်ဖက်များဖြစ်ကြောင်း ပြောသည်။

 

“တရုတ်အစိုးရက ပြည်ပမှာ ရင်းနှီးလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီများကို အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာဖို့ အမြဲတစေတိုက်တွန်းခဲ့တာပါ။ တာဝန်ခံမှု အပြည့်ရှိဖို့၊ လူမှုဝတ္တရားရှိဖို့တွေအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လိုက်နာဖို့တွေပါ အမြဲတစေညွန်ကြားနေတာပါ။”ဟု ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ Lu က ပြောခဲ့သည်။

 

“ဒေသလူမှုစီးပွားဖွံ့ဖြိုးရေးကို မြှင့်တင်ပေးမယ့်၊ နှစ်နိုင်ငံနဲ့ ပြည်သူနှစ်ရပ်စလုံး ပိုမိုကောင်းမွန်စေမယ့် အပြန်အလှန်အကျိုးဖြစ်ထွန်းမယ့် ပူးပေါင်းစီမံကိန်းတွေကို သင့်တင့်စွာ ဖော်ဆောင်သွားနိုင်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့က မြန်မာနဲ့အတူ ကြိုးကြိုးစားစားလုပ်ဆောင်သွားဖို့ ဆန္ဒရှိနေပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

 

အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း ပြန်စရန်အတွက် တရုတ်နိုင်ငံက ဖိအားပေးလာလျက်ရှိစဉ် ပြီးခဲ့သည့် လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးသည့် ဆွေးနွေးပွဲများဖြင့် သဘောမတူမျှမှုများကို ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly