နိုင်ငံတွင် ဖွင့်လှစ်ပေးထားသော ဒုက္ခသည်စခန်းအားလုံးကို ပိတ်သိမ်းတော့မည်ဟု ကင်ညာအစိုးရ ကြေညာ

နိုင်ငံတွင် ဖွင့်လှစ်ပေးထားသော ဒုက္ခသည်စခန်းအားလုံးကို ပိတ်သိမ်းတော့မည်ဟု ကင်ညာအစိုးရ ကြေညာ

မေ ၇ ။             ။ နိုင်ငံတွင် ဖွင့်လှစ်ပေးထားသည့် ဒုက္ခသည် စခန်းများအားလုံးကို ပိတ်သိမ်းသွားတော့မည်ဖြစ်ကြောင်း ကင်ညာအစိုးရက မေလ ၆ ရက်တွင် ကြေညာလိုက်ရာ ယင်းစခန်းများတွင် နေထိုင်လျက်ရှိသော လူပေါင်း ၆၀၀,၀၀၀ ကျော်မှာ ခိုးကိုးရာမဲ့ အခြေအနေတစ်ခုသို့ ဆိုက်ရောက်သွားတော့မည်ဖြစ်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကင်ညာအစိုးရ၏ ယခုဆုံးဖြတ်ချက်အရ နိုင်ငံတွင် ရှိနေသည့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း Dadaab လည်း ပါဝင်မည်ဖြစ်သည်။ ယင်းစခန်းသည် ကင်ညာ-ဆိုမာလီယာ နယ်စပ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လူပေါင်း ၃၀၀,၀၀၀ ကျော် နေထိုင်လျက်ရှိသည်။

ဘဏ္ဍာရေး အကုန်အကျ ကြီးမားလွန်းမှု၊ လုံခြုံရေးပိုင်းနှင့် သဘာ၀ ပတ်ဝန်းကျင်ပိုင်းအပေါ် ထိခိုက်လာနိုင်မှုတို့ကြောင့် ယခုကဲ့သို့ ဒုက္ခသည် စခန်းများကို ပိတ်သိမ်းရန် အစိုးရက ဆုံးဖြတ်လိုက်ရခြင်းကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

" ခုချိန်မှာဆိုရင် ကျွန်တော်တို့ အနေနဲ့ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ရတော့မယ့်အခြေအနေကို ရောက်နေလို့ ခုလိုမျိုး ဆုံးဖြတ်လိုက်ရတာပါ၊ လက်ရှိအချိန်မှာ အယ်လ်ရှာဘတ်လို အကြမ်းဖက်အုပ်စုတွေရဲ့ ခြိမ်းခြောက်လာနိုင်မှုလည်း ရှိလာနိုင်ပါတယ်၊ ဒါ့ကြောင့် ခုလိုမျိုး ဒုက္ခသည်တွေအတွက် တာဝန်ယူ ဖွင့်လှစ်ပေးထားတဲ့ စခန်းတွေကို ပိတ်သိမ်းတော့မှာပါ" လို့ ၎င်းက ပြောသည်။

ကင်ညာအစိုးရအနေဖြင့် ယမန်နှစ်ကတည်း ယခုကဲ့သို့ ဒုက္ခသည်စခန်းများ ပိတ်သိမ်းမည့်အစီအစဉ်ကို ကြေညာခဲ့သော်လည်း နိုင်ငံတကာက ဝိုင်းဝန်း ဖိအားပေးမှုကြောင့် ယင်းအစီအစဉ်ကို ပြန်လည်ခေါက်သိမ်းထားခဲ့ရသည်။ စခန်းအများစုတွင် နေထိုင်နေကြသူများမှ ပြည်တွင်းစစ်ဒဏ် ခံစားထားရသော ဆိုမာလီယာမှ လာရောက်ကြသူများဖြစ်သည်။

ယခုကဲ့သို့ ဒုက္ခသည်စခန်းများ ပိတ်သိမ်းတော့မည်ဖြစ်သော်လည်း ယင်းတို့တွင်နေထိုင်လျက်ရှိသော ဒုက္ခသည်များကို မည်သည့်နေရာသို့ ပို့ဆောင်သွားမည်ဆိုခြင်းကို ကင်ညာအစိုးရက ရှင်းရှင်းလင်းလင်း ဖြေဆိုခဲ့ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly