ရှာဖွေ မကျွေးနိုင်တော့၍ မိခင်က သားဖြစ်သူအား ရောင်းချရန် ကြိုးပမ်းမှု တောင်အာဖရိက နိုင်ငံတွင် ဖြစ်ပွား

ရှာဖွေ မကျွေးနိုင်တော့၍ မိခင်က သားဖြစ်သူအား ရောင်းချရန် ကြိုးပမ်းမှု တောင်အာဖရိက နိုင်ငံတွင် ဖြစ်ပွား

မေ ၇ ။               ။ တောင်အာဖရိကနိုင်ငံတွင် အသက် ၂၀ နှစ် ရှိ အမျိုးသမီးတစ်ဦးက ၎င်း၏ ၁၉ လသားအရွယ်သားဖြစ်သူအား အင်တာနက်ဝက်ဆိုဒ်မှ တဆင့် ရောင်းချရန် ကြိုးပမ်းမှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ သို့သော် အာဏာပိုင်များက ၎င်း၏ ကြိုးပမ်းမှုကို သိရှိကာ တားဆီးနိုင်ခဲ့ပြီးနောက် ယခုအခါ ၎င်းမှာ ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ် ချခံခဲ့ရပြီး နေအိမ်အကျယ်ချုပ် ဖြင့် နေ နေရပြီဖြစ်ကြောင်း တောင်အာဖရိက အမျိုးသား တရားရေးအာဏာပိုင်အဖွဲ့က မေလ ၅ ရက်က ပြောသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် သူမ၏ အတူနေ ချစ်သူကောင်လေးက ဆေးစစ်ချက်များအရ ၎င်းမှာ ကလေး၏ ဖခင်ရင်းမဟုတ်ကြောင်း သိရှိသွားသည့်အတွက် ကလေးတာဝန်ကို မယူနိုင်ကြောင်း ၎င်းမိန်းကလေးအား ပြောကြားခဲ့သည်ဟု သိရသည်။ ယင်းနောက်တွင်မူ အဆိုပါ မိန်းကလေးမှာလည်း သားဖြစ်သူကို တစ်ကိုယ်တည်း ကျွေးမွေးပြုစုရန် မတတ်နိုင်တော့သဖြင့် ယခုကဲ့သို့ အင်တာနက် ဝက်ဆိုဒ်မှ ရောင်းချရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင်မူ ရဲအရာရှိတစ်ဦးက ကလေးအား ဝယ်ယူလိုသူအဖြစ် အယောင်ဆောင်ကာ ၎င်းမိန်းကလေးအား ဆက်သွယ်ခဲ့ပြီး စားသောက်ဆိုင်တစ်ခုတွင် ချိန်းဆိုတွေ့ဆုံခဲ့ကြသည်ဟု သိရသည်။ ရဲအရာရှိက ကလေးအတွက် ဒေါ်လာ ၃၃၅ ဒေါ်လာ ပေးမည်ဟု ကလေး၏ မိခင်ဖြစ်သူ ယင်းမိန်းကလေးအား ကမ်းလှမ်းပြောဆိုခဲ့သည်။ ယင်းနောက် အဆိုပါ မိန်းကလေးက ပိုက်ဆံယူပြီး ကလေးကို ပေးလိုက်ချိန်တွင်မူ အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

ယခုအခါတွင်မူ အဆိုပါ မိန်းကလေးကို Pietermaritzburg မြို့ တရားရုံးက ကလေးရောင်းချရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ပြီဖြစ်သည်။ သို့သော် လက်တစ်လောတွင် အကျဉ်းထောင်ထဲ၌ နေရဦးမည်မဟုတ်ဘဲ နေအိမ်အကျယ်ချုပ် ပုံစံဖြင့် စာရိတ္တပြုပြင်ထိန်းကျောင်းမှုကို ခံယူရဦးမည်ဖြစ်သည်။

တရားသူကြီး၏ ပြောဆိုချက်အရ ယင်းမိန်းကလေးမှာ လူကုန်ကူးသူတစ်ဦး မဟုတ်ခဲ့ဟုဆိုသည်။ တောင်အာဖရိကနိုင်ငံတွင်မူ လူကုန်ကူးသူတစ်ဦးအနေဖြင့် ပြစ်မှုထင်ရှားကြောင်း   တွေ့ရှိရပါက   ထောင်ဒဏ်  တစ်သက်တစ်ကျွန်း နှင့်အတူ ဒဏ်ငွေ ဒေါ်လာ ၆ သန်းအထိ အတပ်ခံရမည်ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required