အန္တရယ်ရှိနေသည့် ဆည်နှင့် ရေကန်များ အလျင်အမြန် ပြုပြင်ထိန်းသိမ်းရေး

အန္တရယ်ရှိနေသည့် ဆည်နှင့် ရေကန်များ အလျင်အမြန် ပြုပြင်ထိန်းသိမ်းရေး

ဒီကနေ့ထုတ် သတင်းစာတစ်စောင်မှာ အချိန်မရွေး ဆည်ကျိုးခြင်း၊ ရေကြီးရေလျှံခြင်းဖြစ်နိုင်တဲ့ ဆည်နှင့် ကန်သုံးခုကို ပြုပြင်ထိန်းသိမ်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့ လွှတ်တော်သို့ တိုက်တွန်းလိုက်တယ်ဆိုတဲ့ သတင်းကို ဖတ်ရပါတယ်။ တကယ်ကို လိုအပ်တဲ့ အဆိုတစ်ရပ်ဖြစ်တာမို့ မဇ္ဈိမက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းတုန်းက ကျနော်တို့နိုင်ငံတဝှမ်းမှာ ရေကြီးရေလျှံခဲ့ပါတယ်။ မကွေးတိုင်းထဲက ပွင့်ဖြူမြို့နဲ့ စေတုတ္တရာမြို့ ရေဘေးဒဏ်သင့်တဲ့သတင်းဟာ ကမ္ဘာကျော်သတင်းတွေ ဖြစ်ခဲ့ပါတယ်။ စေတုတ္တရာမြို့ဆိုရင် တမြို့လုံးနီးပါ ရေအောက်ရောက်ခဲ့ရပြီး စေတုတ္တရာမြို့နယ်ထဲက ခြင်ပစ်ကိုင်းရွာနဲ့ ပွင့်တောက်ရွာကတော့ ရေလွှမ်းမိုးခံရလို့ ရွာလုံးကျွတ် ပျက်စီးခဲ့ကြ ရွာဟောင်းမှာ ပြန်နေလို့မရလို့ ရွာသစ်တွေ ပြန်တည်ကြရပါတယ်။

မုန်းချောင်းကို တမံတုတ်ပြီး ဆည်ခံထားတဲ့ မုန်းရေလှောင်တမံနဲ့ ကြီးအုံကြီးဝ ရေလှောင်တမံ တွေကလည်း ကံကောင်းထောက်မစွာ ကျိုးပျက်သွားခြင်းမရှိပေမယ့် ဒီရေလှောင်တမံနှစ်ခုကြောင့်ပဲ ရေလှောင်တမံတွေရဲ့ အထက်နဲ့အောက် မြို့နဲ့ ကျေးရွာတွေ ရေအောက်ရောက်ခဲ့ရတာကတော့ တုန်လှုပ်ဖွယ်ကောင်းတဲ့သတင်းတွေအဖြစ် ကြားခဲ့ကြရပါတယ်။ ခုထက်ထိ အဲဒီ ရေကြီးရေလျှံမှု ဒဏ်ကို ကုစားလို့ မရနိုင်ကြသေးပါဘူး။

စေတုတ္တရာမြို့ရဲ့အထက် တစ်မိုင်သာသာနေရာမှာ မုန်းရေလှောင်တမံကြီးရှိပါတယ်။ မြို့ရဲ့ အထက် အမြင့်ပိုင်းမှာ ရှိနေတာပါ။ ရေလှောင်တမံကြီးကို ရေကျော်မကျသည့်တိုင်၊ အဲဒီရေလှောင် တမံကြီး ကျိုးမကျသည့်တိုင် လျှံကျလာတဲ့ရေနဲ့တင် စေတုတ္တရာမြို့ဟာ ရေအောက်ရောက်ခဲ့ရတာပါ။ မြို့ရဲ့ သုံးချိုး နှစ်ချိုးဟာ အိမ်ခေါင်မိုးမြုပ်တဲ့အထိ ရေကြီးမှုဒဏ်ခံခဲ့ရတာပါ။ အကယ်၍များ တမံကြီး ကျိုးကျခဲ့မယ်ဆိုရင်တော့ မခန့်မှန်းနိုင်လောက်အောင် ထိခိုက်ကုန်ကြမှာပါ။

ရေကြီးရေလျှံဖြစ်စဉ်က တနိုင်ငံလုံးက ကူညီကယ်ဆယ်ရေးတွေရဲ့ အဓိကကျေးဇူးကြောင့် ဒီရေဘေးဒဏ်သင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်ခဲ့တာပါ။ သက်ဆိုင်ရာတာဝန်ရှိသူ တွေဟာ ထိရောက်မှန်ကန် မြန်ဆန်စွာ ကူညီဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ ပိုပြီး အရုပ်ဆိုးတဲ့အချက်က စေတုတ္တရာမြို့ ရေကြီးပြီးလို့ ၂ ရက်ခန့်ပဲရှိသေးချိန် အစိုးရပိုင်သတင်းစာနဲ့ အသံလွှင့်ဌာနတွေက စေတုတ္တရာမှာ စပါးတွေပြန်စိုက်နေပြီဆိုတဲ့သတင်းမျိုး ထုတ်လွှင့်ကြတာမျိုးနဲ့ မြို့အဝင်လမ်းဘေးမှာ အမှိုက်ရှင်း၊ သစ်ပင်တွေ အပင်လိုက်ယူလာပြီး မြို့အဝင် မှာစိုက်၊ ထုံးသုတ် ပြီး စေတုတ္တရာဟာ အများထင်သလို ရေဘေးဒဏ် အကြီးအကျယ်ခံခဲ့ရတယ်ဆို တာ မဟုတ်တဲ့သဘော တာဝန်မဲ့လုပ်ခဲ့ကြတာမျိုးအထိ ရှိခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တဲ့ ရဟန်းသံဃာနဲ့ ပရဟိတသမားတွေကို အကူအ ညီမပေးတဲ့အပြင် လုပ်ကိုင်နေဆဲ ကူညီကယ်ဆယ်ရေးအလုပ်တွေ ချိနဲ့သွားရလေအောင် ဖိအားပေး တာမျိုးတွေလည်း လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလိုအချက်အလက်တွေကို ပြန်စဉ်းစားရင် အခု အဲဒီ ရေလှောင်တမံတွေကို ခိုင်ခန့်အောင် အလျင်အမြန် ပြုပြင်ထိန်းသိမ်းဖို့ လုပ်တဲ့အခါ စနစ်တကျလည်းဖြစ် အစစ်အမှန်လည်းဖြစ်တဲ့ ပြုပြင်မှု တွေလုပ်ဖို့ အရေးကြီးလှပါတယ်။  ၂၀၁၅ ခု နှစ်အတွင်းတုန်းက နိုင်ငံတဝှမ်းရေးကြီးရေလျှံလို့ အိမ် ခြောက်သောင်းကျော်နဲ့ လူသုံးသိန်းကျော် ရေဘေးသင့်ခဲ့ပြီးပါပြီ။ ဒီတခါ အဲဒီ ဆည်ကြီးတွေနဲ့ ရေကန် တွေကို အလျင်အမြန် စနစ်တကျ မှန်မှန်ကန်ကန် အချိန်မီ မပြုပြင် မထိန်းသိမ်းနိုင်ဘူးဆိုရင် နောင်နှစ် မှာ ရေးကြီးရေလျှံခဲ့သည်ရှိသော် ဘယ်အတိုင်းအတာအထိ ထိခိုက်ကြရမယ်ဆိုတာ မခန့်မှန်းနိုင် လောက်အောင်ပါပဲ။

ဒါကြောင့်မို့ အချိန်မရွေး ဆည်ကျိုးခြင်း ရေကြီးရေလျှံခြင်းဖြစ်နိုင်တဲ့ ဆည်နဲ့ရေကန်များ အချိန်မီ ပြုပြင်ထိန်းသိမ်းရေးအဆိုကို လွှတ်တော်အတွင်း အလျင်အမြန် အောင်မြင်စွာ အတည်ပြု နိုင်ပါစေကြောင်း မဇ္ဈိမက အထူးတိုက်တွန်းလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly