RCSS နှင့် TNLA တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၅၀၀ကျော်ရှိ

RCSS နှင့် TNLA တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၅၀၀ကျော်ရှိ
 မိုင်းရူးမြို့နယ် ဟိုက်ပါ စစ်ဘေးရှောင်စခန်းတွင် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကတွေ့ရစဉ်။ ဓာတ်ပုံ-ဇေယျာမင်း

ချင်းမိုင် ၊ မေ ၆ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်(TNLA)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)တို့ အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည် ၅၀၀ ခန့် ရှိနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့နှင့် မိုင်းလုံမြို့နယ်ကြား ဟူးဆွန်ကျေးရွာအုပ်စုနှင့် ဟူးကွက်ကျေးရွာအုပ်စုတို့မှ ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံ ကျေးရွာသား၅၀၀ ခန့်သည် စစ်ပွဲကြောင့် ထွက်ပြေးလာခြင်းဖြစ်သည်ဟု ကျောက်မဲမြို့ မှ ကျားခေါင်းပါတီမှ ပါတီဝင် စိုင်းသန်းမောင်က ပြောသည်။

“မနေ့က ည ၁၀ နာရီထိတော့ ၅၀၀ ဝန်းကျင်တော့ ရောက်ပြီ ဘုန်းကြီးကျောင်း လေးကျောင်းမှာ ပေးတည်းပါတယ်။ သူတို့အတွက် လောလော ဆယ်ဆယ်က ဖေဖော်ဝါရီလနဲ့ မတ်လက ထောက်ပံ့ထားတဲ့ ငွေတွေ ပိုလျှံတာရှိပါတယ်။ အဲဒါနဲ့ဘဲ ထောက်ပံ့ပေးနေရတယ်၊ ဒီနေ့လည်း ထပ်သွားကြိုတယ်။ ဒီနေ့လည်း ဒုက္ခသည်အများကြီး ထွက်လာသေးတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒုက္ခသည်များအား ကျောက်မဲမြို့ရှိ အောင်စုပန်၊ နတ်တလင်း၊ တောင်နောင့်၊ ရွှေ့ကျင် စသည့် ဘုန်းကြီးကျောင်း ၄ ကျောင်းတွင် လာရောက် ခိုလှုံနေပြီး ယနေ့ တွင်လည်း ထပ်မံရောက်ရှိနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ထိုစစ်ပြေး ဒုက္ခသည်များတွင် ကလေးနှင့် အသက်ကြီးသူများ အများအပြား ပါဝင်ပြီး အဓိကအားဖြင့် ခြင်ထောင် အရေးတကြီး လိုအပ်နေသည်ဟု စိုင်းသန်းမောင်က ပြောသည်။

“ကိုယ်လွတ်ရုန်းလာကြတယ်ဆိုတော့ အဝတ်တထည် ကိုယ်တစ်ခုလောက်ဘဲ။ အဘွားနဲ့ကလေးငယ်တွေ အများဆုံးပါပါတယ်။ ခြင်ထောင်လိုမယ်။ အိပ်ယာခင်းတွေတော့ ဘုန်းကြီးကျောင်းက ကောဇောခင်းပေးတာပေါ့။ စောင်ကတော့ အရင်တပတ်က ပိုတဲ့စောင်တွေ ပေးထားပါတယ်။ ခြင်ထောင်လိုတာပေါ့ဗျ”ဟု သူက ပြောသည်။

မေလ ၆ ရက်ကလည်း နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် TNLA တို့အကြား ခြောက်ရက်မြောက် တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် ၁၀နာရီမှ ယခု ညနေပိုင်းချိန်ထိ နမ့်ခမ်းမြို့နယ် လွယ်ဟွမ်ရွာနှင့် မန်ဆန်ကျေးရွာကြားတွင် TNLA နှင့် မြန်မာ့တပ်မတော်မှ တပ်မ ၃၃ နှင့် တစ်နေရာ ဖြစ်ပွားခဲ့ရာ ယနေ့ ညနေပိုင်းထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“ဒီနေ့ သုံးနေရာဖြစ်တယ်။ မနက် ၉ နာရီကနေ ၁၁ ခွဲထိက နမ့်ခမ်းမြို့ ဟိုပန်ရွာအထက်က တောင်ကုန်ပေါ်မှာဖြစ်တယ်။ ၉ နာရီကနေ ၁၂ နာရီထိက နမ့်ခမ်းမြို့နယ် နန့်ပုံအထက်နားက တောင်ကြောမှာ အာစီအက်စ်အက်စ်နဲ့ တိုက်ပွဲဖြစ်တယ်။ တစ်နေရာက မနက် ၁၀ နာရီကျော်ကနေ ခုထိ တိုက်ပွဲဖြစ်နေတယ်။ အစိုးရတပ် တပ်မ ၃၃ နဲ့ ဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

RCSS/SSA နှင့် TNLA တို့အကြား မေလ ၁ ရက်မှစတင်၍ ကျောက်မဲ၊ နမ့်ခမ်းနှင့် မိုင်းတုံ့မြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေဆဲ ဖြစ်သည်ဟု သူက ဆိုသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှ စတင်ကာ ၎င်းတို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် ထောင်ချီသည် ယခုထိ နေရပ် မပြန်နိုင်ဘဲ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required