ဖားကန့် မြေစာပုံပြိုကျ လူ ၁၀ ဦးကျော် သေဆုံး

ဖားကန့် မြေစာပုံပြိုကျ လူ ၁၀ ဦးကျော် သေဆုံး
ဓာတ်ပုံ-မဇ္ဈိမ

ချင်းမိုင်၊ မေ ၆ ။              ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စေပေါ့မှော်တွင် တစ်သုံးလုံး ကုမ္ဗဏီ၏ လုပ်ကွက်နေရာမှမြေစာပုံ ပြိုကျခဲ့သဖြင့် ရေမဆေးရှာဖွေသော လက်လုပ်လက်စား လူ ၁၀ ဦးကျော် သေဆုံးခဲ့သည်ဟု သိရသည်။

မေ ၅ ရက် ည ၉ နာရီချိန်တွင် အမြင့်ပေ ၂၀၀ ကျော်မြင့်သော မြေစာပုံ ပြိုကျခဲ့ခြင်း ဖြစ်ပြီး ယနေ့ မေလ ၆ ရက်တွင် အလောင်း ၁၁ လောင်းကို ရှာဖွေတွေ့ခဲ့ပြီး မြေပြိုမှုတွင် လူ ၂၀ ကျော် ကျန်ရှိနေသေးသည်ဟု ဖားကန့်ဒေသခံ ဦးလမောင်လတောင်က မဇ္ဈိမကို ပြောသည်။

“စပေါ့မှော် ဘဇံခြောက် ဆိပ်မူအုပ်စုမှုဖြစ်တာ။ ရေမဆေးရှာနေတဲ့အချိန် ည ၉ နာရီခွဲလောက်မှာဖြစ်တာ။ မြေ ၂၀၀ ကျော်၊ ၃၀၀လောက် မြင့်မယ်။ မိုးနည်းနည်းရွာလို့ ပြိုကျလာတာ။ နာမည်နဲ့ အတိအကျ ပြောနိုင်တာက ၁၁ ဦး၊ နာမည်မသိတာက ၂၀ ကျော် ရှိမယ်လို့ သိရတယ်။ အများအားဖြင့် ရဝမ် လူမျိုး ၈ ဦးပါတယ်လို့ သိရတယ်”ဟု သူက ပြောသည်။

၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ် မြေပြိုမှု ဖြစ်ပွားခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက လူပေါင်း ၁၀၀ ကျော် မြေပြိုမှုတွင် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

မြေစာပုံမြို ကျမှုကြောင့် လူပေါင်းများစွာ သေဆုံးမှုများ ရှိလာမှုအပေါ် လက်ရှိ အစိုးရမှ မည်သည့် လုပ်ဆောင်မှု ပြုလုပ်ခြင်း မရှိသေးသော်လည်း ဖားကန့် ကျောက်စိမ်းမှော်တွင် ကုမ္ဗဏီမှ စွန့်ပစ်လိုက်သော မြေစာပုံများ စည်းကမ်းမဲ့ စွန့်ပစ်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုကြောင့် ဒေသခံများက ကုမ္ဗဏီများအား တောင်းဆို ဆန္ဒဖော်ထုတ်တောင်းဆိုသဖြင့် ကုမ္ဗဏီများမှ မြေစာပုံ ချမှ အနည်းငယ် လျော့နည်းလာသည်ကို တွေ့ရသည်ဟု ဦးလမောင်လတောင်က ပြောသည်။

“အစိုးရက အခုထိ ဘာမှ လုပ်ဆောင်ပေးတာတော့ မရှိသေးဘူး။ ဒါပေမဲ့တခုရှိတာက ကုမ္ဗဏီတွေကို ကျွန်တော်တို့တောင်းဆိုတဲ့အတွက် တချို့ ကုမ္ဗဏီတွေက သူတို့မြေစာတွေ ပုံတဲ့အခါမှာ လျော့ချလာတာတွေ့ရတယ်။ ဆိုင်းတောင်၊လုံခင်းဘက်မှာ မြေစာ အမြင့် ၂၀၀၀၊ ၃၀၀၀ မြင့်တာတွေကိုတော့ နည်းနည်းပါးပါး လျော့လာတာတွေ့နေရတယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဖားကန့် ဥရုချောင်းတိမ်ကောလာမှုကို ပြန်လည် ထိန်းသိမ်းရန်၊ မြေစာသယ်ယာဉ်များ ရွာလမ်းမပေါ် ဖြတ်သန်းမှု မရှိရန်၊ မြေစာကြောင့် ဥရုချောင်း တိမ်ကော်လာမှုကို ပြန်လည် ပြုပြင်ထိန်းသိမ်းရန်၊ စည်းကမ်းမဲ့ မြေစာပုံများကို ဖယ်ရှာရန်၊ ကျောက်စိမ်း တူးဖော်ရာတွင် ဒိုင်းနမိုက်များ သုံးစွဲမှု လျော့ချ၍ စနစ်တကျ ဆောင်ရွက်ရန်တို့ကို ဒေသခံများက ကုမ္ဗဏီများအား တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required