အိုင်အက်စ်တို့အပေါ် တိုက်ခိုက်နေမှုဖြင့် အမေရိကန်စစ်တပ်မှ အရာရှိငယ်တစ်ဦးက သမ္မတ အိုဘားမား အား တရားစွဲဆိုထား

အိုင်အက်စ်တို့အပေါ် တိုက်ခိုက်နေမှုဖြင့် အမေရိကန်စစ်တပ်မှ အရာရှိငယ်တစ်ဦးက သမ္မတ အိုဘားမား အား တရားစွဲဆိုထား

မေ ၆ ။             ။ အိုင်အက်စ် စစ်သွေးကြွများအပေါ် အမေရိကန်၏ ထိုးစစ်ဆင်နွဲနေခဲ့မှုနှင့် ပတ်သက်၍ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားအား စစ်တပ်အရာရှိတစ်ဦးက တရားစွဲဆိုလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လက်ရှိ အချိန်တွင် ကူဝိတ်နိုင်ငံတွင် တာဝန်ကျနေသော အမေရိကန် စစ်ဗိုလ် နသန် မိုက်ကယ် စမစ်သ် ဆိုသူက မေလ ၄ ရက်တွင် ယခုကဲ့သို့ သမ္မတအား တရားစွဲလိုက်ခြင်းဖြစ်သည်။

အီရတ် နှင့် ဆီးရီးယားနိုင်ငံများရှိ အိုင်အက်စ် တို့အပေါ် အမေရိကန်တို့က သွားရောက်တိုက်ခိုက်ခြင်းမှာ ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက်မပါသဖြင့် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း အသက် ၂၈ နှစ်အရွယ် အဆိုပါ စစ်ဗိုလ်က ပြောကြားသည်။

အမေရိကန်၏ ယခု စစ်ရေးဆင်နွဲမှုသည် ၁၉၇၃ စစ်ဘက် အာဏာဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ရာ ကျသည်ဟုလည်း ၎င်းက ဆိုသည်။

" ၁၉၇၃ အက်ဥပဒေနဲ့ ဆန့်ကျင်ပြီးတော့ ခုကိစ္စမှာဆိုရင်တော့ သမ္မတဟာ အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ်တွေကို သွားတိုက်နေခဲ့ပေမယ့် ရက်ခြောက်ဆယ်အတွင်းမှာ လွှတ်တော်ရဲ့ အတည်ပြုချက်ကို မရယူခဲ့ပါဘူး၊ စစ်ပွဲကိုလည်း မရပ်ခဲ့ပါဘူး၊ ဒါကြောင့် ဒီစစ်ပွဲဟာ ဥပဒေနဲ့ မညီညွတ်ပါဘူးလို့ ပြောချင်တာပါ" ဟု အဆိုပါ စစ်တပ်အရာရှိက ပြောသည်။

ယခုလို သမ္မတ အပေါ် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ တရားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ထားခဲ့သည်။

ယခုကဲ့သို့ စစ်တပ်အရာရှိငယ်တစ်ဦးက တရားစွဲဆိုခဲ့သော်လည်း အမေရိကန်ကာကွယ်ရေး ဝန်ကြီး အက်ရှ်ကာတာ အပါအဝင် အိုဘားမားအစိုးရအဖွဲ့ကတော့ ၎င်းတို့အနေဖြင့် အိုက်အက်စ်တို့အပေါ် လက်ရှိ နှိမ်နင်းချေမှုန်းနေမှုများကို ဥပဒေကြောင်းအရ လိုသလို လုပ်ဆောင်နိုင်ခွင့်ရှိနေသည်ဟု ယခင်ကာလများအတွင်းက ပြောကြားထားခဲ့သည်။

မကြာသေးမီက သမ္မတ အိုဘားမားက လက်ရှိ စစ်မြေပြင်သို့ ရောက်ရှိနေသော တပ်ဖွဲ့များကို ထောက်ကူရန် နောက်ထပ် တပ်သားဦးရေ ၂၅၀ ထပ်မံစေလွှတ်သွားမည်ဟု ကြေညာသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required