ဆံပင်ဆွဲသည့် ရောဘတ်ဟုချ်နှင့် တံထောင်ဖြင့်တွတ်သည့် ဖယ်လိုင်နီတို့ သုံးပွဲစီ ပွဲပယ်ခံရ

ဆံပင်ဆွဲသည့် ရောဘတ်ဟုချ်နှင့် တံထောင်ဖြင့်တွတ်သည့် ဖယ်လိုင်နီတို့ သုံးပွဲစီ ပွဲပယ်ခံရ

မေ ၆၊ အင်္ဂလန် ။               ။ ၁-၁ ဂိုးဖြင့် သရေကျခဲ့သည့် မန်ယူနှင့် လက်စတာတို့၏ ပွဲစဉ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကြောင့် မန်ယူကွင်းလယ်လူ ဖယ်လိုင်နီနှင့် လက်စတာနောက်ခံလူ   ရောဘတ်ဟုချ်တို့ကို စည်းကမ်းထိန်းသိမ်းရေးကော်မတီက သုံးပွဲပယ် ပြစ်ဒဏ်များ ချမှတ်လိုက်ပြီ ဖြစ်သည်။

ထိုပွဲစဉ်တွင် ရောဘတ်ဟုချ်သည် ဖယ်လိုင်နီ၏ ဆံပင်ကို ဆွဲခဲ့ပြီး ဖယ်လိုင်နီကလည်း ဟုချ်ကို တံတောင်ဖြင့် ပြန်တွတ်ခဲ့ခြင်း ဖြစ်သည်။

ထိုပွဲပယ်ပြစ်ဒဏ်ကြောင့် ဖယ်လိုင်နီသည် မန်ယူအသင်း၏ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲစလုံးကို လွဲချော်ရတော့မည် ဖြစ်သော်လည်း မေလ ၂၁ ရက်နေ့တွင် ဝင်ဘလေကွင်း၌ ခရစ္စတယ်ပဲလေ့စ်နှင့် ကစားမည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင်တော့ ပါဝင်နိုင်မည် ဖြစ်သည်။

ရောဘတ်ဟုချ်မှာမူ လက်စတာ၏ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲနှင့် လာမည့် ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို လွဲချော်မည် ဖြစ်သည်။

ကစားသမားနှစ်ဦးစလုံးက ယခုပြစ်ဒဏ်ကို လက်ခံကြသော်လည်း ဟုချ်က သုံးပွဲပယ်ခြင်းမှာ အနည်းငယ်များလွန်းသည်ဟု စောဒက တက်ခဲ့သည်။ ၎င်း၏ စောဒကတက်မှုကို အက်ဖ်အေ၏ လွတ်လပ်သောစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သဘောမတူညီခဲ့ပေ။

ဖယ်လိုင်နီနှင့် ဟုချ်တို့၏ ဖြစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးက တွေ့ရှိခဲ့ခြင်း မရှိသောကြောင့် ပွဲအတွင်း အရေးမယူခဲ့သော်လည်း ရုပ်သံအနှေးပြကွက်များပြန်ကြည့်ပြီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly