ထိုင်းနိုင်ငံက ပုဂံသို့ တိုက်ရိုက်လေယာဉ်ပျံသန်းရန် ကြိုးစားနေ

ထိုင်းနိုင်ငံက ပုဂံသို့ တိုက်ရိုက်လေယာဉ်ပျံသန်းရန် ကြိုးစားနေ
ပုဂံ ညောင်ဦးလေဆိပ်ရှိ မြန်မာ့လေကြောင်းလိုင်း လေယဉ်တစ်စီးအား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ကမ္ဘာလှည့်ခရီးသည်လာရောက်မှုများပြားရာ ပုဂံဒေသသို့ တိုက်ရိုက်လေယာဉ်ပျံသန်း ပြေးဆွဲနိုင်ရေးကို ထိုင်းနိုင်ငံအနေဖြင့် ကြိုးစားလျက်ရှိကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက မေ ၄ ရက်တွင် ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ ရှေးဟောင်း ဘုရားစေတီဂူပုထိုးများ ၂၂၀၀ နီးပါး တည်ရှိသည့် ပုဂံဒေသသို့ တိုက်ရိုက်လေကြောင်းလမ်းကြောင်းသစ် ပြေးဆွဲနိုင်ရေးကို မကြာမီက ကျင်းပခဲ့သည့် ကက်ဘိနက်အစည်းအဝေး၌ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီး ကော့ကန်းဝတ်တာနာ့ရန်ဂကူက အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း၎င်းကပြောသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိသည့် ကမ္ဘာလှည့်ခရီးသွားအများစုသည် ပုဂံသို့ သွားရောက်ခြင်း များပြားပြီး ညောင်ဦးလေဆိပ်မှ ပုဂံသို့ သွားရောက်ရပြီး ထိုင်းနိုင်ငံမှ ညောင်ဦးလေဆိပ်သို့ တိုက်ရိုက်လေယာဉ်ပျံသန်းနိုင်မှုက ယခုအထိ မရှိသေးပေ။

ပုဂံသို့ ထိုင်းလေကြောင်းလိုင်းခရီးသည်များ တိုက်ရိုက်သွားနိုင်ပါက ရန်ကုန်တွင် ဆင်းသက်ရခြင်းမရှိ၍ ခရီးသွားလာသည့် ကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ်ကြောင်း ထိုင်း ခရီးသွားဝန်ကြီးက ပြောသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံကြား နေ့စဉ်လေကြောင်းပျံသန်းမှုများ တိုးချဲ့နိုင်ရေးအတွက် ထိုင်းဖက်က ကြိုးစားနေပြီး ထိုင်းနှင့် မြန်မာအာဏာပိုင်များ၏ နှစ်ဖက်သဘောတူ ဆုံးဖြတ်မှုမျိုးက ထွက်ပေါ်လာသေးခြင်း မရှိပေ။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ထိုင်းလေယာဉ်များ ပြေးဆွဲမှုက သီတင်းတစ်ပတ်လျှင် ပျမ်းမျှ ၁၅၀ ခန့်ရှိပြီး ထိုင်းနိုင်ငံသို့ မြန်မာဖက်က ပျံသန်းပြေးဆွဲမှုမှာ တစ်ပတ် ပျမ်းမျှ ၃၀ အောက်သာ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required