ရှမ်းပြည်တပ်မတော်(RCSS/SSA )နှင့်TNLA တိုက်ပွဲဆက်လက်ဖြစ်ပွား

ရှမ်းပြည်တပ်မတော်(RCSS/SSA )နှင့်TNLA တိုက်ပွဲဆက်လက်ဖြစ်ပွား
ဓာတ်ပုံ-မဇ္ဈိမ

ချင်းမိုင် ၊မေ ၅ ။              ။  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်(TNLA)တို့အကြား ငါး ရက်မြောက် တိုက်ပွဲ ဖြစ်ပွားနေကာမေ ၅ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ လက်နက်ကြီး ပစ်ကူခဲ့သည်ဟု TNLA က ပြောသည်။

 မေလ ၅ ရက် နံနက်ပိုင်းတွင် RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နံနက် ၁၀ နာရီဝန်းကျင်တွင် မြန်မာ့ တပ်မတော်၏ တပ်မ ၃၃ က နမ့်ခမ်းမြို့နယ် မန်စံကျေးရွာမှ TNLA တပ်များ တည်ရှိသော လွယ်ဟွမ်ကျေးရွာဘက်သို့ လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်ခဲ့သည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

 “မနက်က မန်တုံက ဆိုင်းလိန်တောင်ပေါ်မှာ တိုက်ပွဲဖြစ်တယ်။ နမ့်ခမ်းဘက်က လွယ်ဟွမ်ကျေးရွာနဲ့မန်စံကျေးရွာမှာ RCSS နဲ့ တိုက်ပွဲ ဖြစ်တယ်။ ဒီတိုက်ပွဲက ၃ နာရီ ၄ နာရီလောက်ကြာပြီးနောက် အစိုးရ စစ်တပ်က လွယ်ဟွမ်ကျေးရွာဘက်မှ လက် နက်ကြီးနဲ့ လှမ်းပစ်တယ်။ လက်နက်ကြီးကတော့ ရွာအောက်ဘက်မှာ ကျပေါက်ကွဲတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

 မေလ ၄ ၇က်က နမ့်ခမ်း၊ ကျောက်မဲနှင့် မန်တုံမြို့နယ်များအတွင်း နယ်မြေကျူးကျော်ဝင်ရောက်လာ သည့် RCSS/SSA နှင့် TNLA တို့အကြား ၅ နေရာထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲ ဖြစ်နေသော နမ့်ခမ်းနှင့် မန်တုံမြို့နယ်အတွင်းရှိ RCSS/SSA၏ ယာယီတပ်စခန်း ၃ ခုကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သူက ပြောသည်။

 မေလ ၁ ရက်မှ ၅ ရက်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံးများ ရှိသော်လည်း အတိအကျ မသိသေးကြောင်း သူက ဆိုသည်။

 တိုက်ပွဲ ဖြစ်ပွားနေမှုအပေါ် ဖြေရှင်းရန်နှစ်ဖက် သဘောတူညီခဲ့သော်လည်း နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် နေရာ အခက် အခဲကြောင့် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးနေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ငါးဦးပါ ကော်မတီက ငါးဦးကော်မတီတွင် ပါဝင်သူ ဦးထွန်းဇော်က ပြောသည်။

 “နှစ်ဖက် မျက်နှာချင်းဆိုင် ထိုင်ပြီးတော့မှ ဆွေးနွေးရင်တော့ ပိုပြီးတော့ ပြေလည်စရာအကြောင်းရှိမယ်။ အဲဒါကြောင့် စကားပြောနိုင်ဖို့ အခင်းအကျဉ်းတော့ ကျွန်တော်တို့ဘက်က ဖန်တီးပေးရမယ်။ မြန်မြန်ဆန်ဆန်ဖြစ်ဖို့အတွက် နေရာကို ထပ်ညှိ ပေးနေပါတယ်၊ ဒီလို ညှိနေတုန်း ပြဿနာတွေ ထပ်တက်တာပေါ့လေ။ မြေပြင်မှာ ထပ်ပြီး ဖြစ်လာတော့ ကျနော်တို့လည်း စိတ်မကောင်းဘူး။ အခုလည်း မြန်မြန်ဖြစ်အောင်တော့ ညှိနေပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

 TNLA ဘက်မှ သွားရေးလာရေး အဆင်မပြေသဖြင့် တရုတ်နယ်စပ် မိုင်းလားဒေသတွင် တွေ့ဆုံဆွေးနွေးလိုသော်လည်း RCSS ဘက်ကမူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးရန် အဆိုပြုထားသဖြင့် တွေ့ဆုံမည့် နေရာ အခက်အခဲဖြစ်နေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

 ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က အစိုးရ နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်း (NCA) ရေးထိုးခဲ့ပြီးနောက် RCSS သည်TNLA တပ်ဖွဲ့များ လှုပ်ရှားနေသော ဒေသများသို့ နယ်မြေကျူးကျော်ဝင်ရောက်လာသဖြင့် ထိုနှစ် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ RCSS နှင့် TNLA တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု TNLA ဘက်မှ ပြောဆိုထားသည်။

 RCSS ဘက်မှလည်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော နေရာများသည် ၂၀၀၆ ခုနှစ်ကတည်းက အခြေချနေသော နေရာများ ဖြစ်သည်ဟု RCSSမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်မိဏ်းက မဇ္ဈိမကို မကြာမီက ပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required