ငြိမ်းစုစီဥပဒေကြမ်းအသစ် လွှတ်တော်သို ့တင်သွင်း

ငြိမ်းစုစီဥပဒေကြမ်းအသစ် လွှတ်တော်သို ့တင်သွင်း

နေပြည်တော် ၊မေ ၅ ။              ။ ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းအသစ်တစ်ခုကို မေ ၅ ရက်နေ့ ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက တင်သွင်းခဲ့သည်။

ယင်းဥပဒေကြမ်းတွင် ဆန္ဒဖော်ထုတ်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တောင်းခံလျှောက်ထားခြင်း ဆိုသည့်အစား သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ မှူးထံသို့၄၈ နာရီကြိုတင် အသိပေးတင်ပြပေးရန် ဆိုသည့်စာသားကိုပြင်ဆင်ထားသည်။

 “ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ခွင့်ပြုမိန့်ခွင့်ပြုချက်တွေအစားပြည်သူလူထုက ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့်တာဝန်များအခန်းပါ ပုဒ်မ ၃၄၇ မှာပြဌာန်းထားတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်း နှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာ အခွင့်အရေးတွေကို စနစ်တကျရယူသုံးစွဲဆောင်ရွက်နိုင်ရန်အတွက် ဒီဥပဒေကို တင်သွင်းရခြင်းဖြစ်ပါတယ် ” ဟု ဥပကြေမ်းကော်မတီအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၅) နှင့် ယင်းဥပဒေကိုပြန်လည်ပြင်ဆင်သည့် ဥပဒေဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၆) အရပြဌာန်းခဲ့သည့် ခွင့်ပြုမိန့်တောင်းခံရန်လိုသည့်   ငြိမ်းစုစီဥပဒေကို ပထမအကြိမ်လွှတ်တော်တွင် ပြဌာန်းထားခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေပါပြဌာန်းချက်များအရ ဆန္ဒဖော်ထုတ်မည့်သူများအနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ ငါးရက်ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ခွင့်ပြုမိန့်မရရှိဘဲ ဆန္ဒဖော်ထုတ်ပါက တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေချမှတ်ရမည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။

ယခုငြိမ်းစုစီဥပဒေကြမ်းအသစ်တွင် ခွင့်ပြုမိန့်တောင်းခံရန်မလိုသော်လည်း ဥပဒေပါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာခြင်းမရှိပါက ပထမအကြိမ်တွင် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ သုံးသောင်းထက်မပိုသော ဒဏ်ငွေဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ၊ ထပ်မံကျူးလွန်ပါက တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ငွေ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ယင်းဥပဒေကြမ်းတွင် ပါရှိသည်။

ယခုပြဌာန်းမည့် ငြိမ်းစုစီဥပဒေပါပြဌာန်းချက်တစ်ခုကို ဖောက်ဖျက်ကျူးလွန်သူကို သက်ဆိုင်ရာတရားရုံးသို့ ၁၅ ရက်အတွင်းတရားစွဲဆိုသွားရမည်ဖြစ်ပြီး တရားစွဲဆိုရာတွင် ပြစ်မှုကို ကျူးလွန်သူအား ပြစ်မှုစတင် ဖောက်ဖျက်ကျူးလွန်သည့် မြို့နယ်တရားရုံးကသာစီရင်ခွင့်ရှိသည်ဟု ဥပဒေကြမ်းအသစ်တွင် ပါရှိသည်။

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့သည့် ငြိမ်းစုစီဥပဒေတွင် အခန်း (၈) ခန်းပါရှိပြီး ယခုငြိမ်းစုစီဥပဒေကြမ်းအသစ်တွင်လည်း အခန်း(၈) ခန်းဖြင့် ပြဌာန်းထားသည်။

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ကပြဌာန်းခဲ့သည့် ငြိမ်းစုစီဥပဒေပါ အခန်း (၃) ခွင့်ပြုမိန့်တောင်းခံခြင်းဆိုသည့်အစား ယခုဥပဒေကြမ်းအသစ်တွင် အခန်း ( ၃) အသိပေးတင်ပြခြင်းဟုလည်းကောင်း ၊ အခန်း (၄) ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း ဆိုသည့်အစား ယခုဥပဒေကြမ်းအသစ်တွင် (၄) အသိပေးတင်ပြချက်ကိုလက်ခံဆောင်ရွက်ခြင်းဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required