တစ်ဦး တစ်ဖွဲ့အပေါ် မူတည်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ မဖြစ်သင့်ပါ

တစ်ဦး တစ်ဖွဲ့အပေါ် မူတည်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ မဖြစ်သင့်ပါ

ကျနော်တို့တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ဟာ နက်နဲရှုပ်ထွေးလှပါတယ်။ ပြည်တွင်းစစ်ကြားထဲကပဲ လွတ်လပ်ရေး ရလာခဲ့တယ်။ ပြည်တွင်းစစ်ကြားထဲကပဲ အရပ်သားအစိုးရတွေ ရှိလာခဲ့တယ်။ ပြည်တွင်း စစ်ကြားထဲကပဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ ဖြစ်လာခဲ့တယ်။ ပြည်တွင်းစစ်အ တွင်းမှာပဲ စစ်အစိုးရတွေ ပေါ်ပေါက်လာခဲ့တယ်။ အခု ပြည်တွင်းစစ်အတွင်းကပဲ NLD အစိုးရ ပေါ်ပေါက် လာခဲ့ရတယ်။

ဆိုလိုတာကတော့ အစိုးရတွေသာ အမျိုးမျိုးပြောင်းသွားတယ် ပြည်တွင်းစစ်ကတော့ ပန်းပန် လျက်ပဲဆိုတဲ့ သဘောပါပဲ။

စစ်ပွဲဆိုတာ ကြာကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒါကို လူတိုင်းသိပါတယ်။ ဒါကြောင့်မို့လည်း ပြည်တွင်းစစ်ကြီးရပ်စဲချုပ်ငြိမ်းသွားဖို့အတွက် ခေတ်တိုင်းမှာ ကြိုးစားခဲ့ကြတာပါပဲ။ ကျနော်တို့နိုင် ငံရဲ့သမိုင်းမှာတော့ ပြည်တွင်းစစ် ရပ်စဲရေး စတင်ကြိုးပမ်းသူတွေဆိုတာ စစ်ပွဲနဲ့ တိုက်ရိုက်မသက်ဆိုင် တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ စာပေအနုပညာရှင်တွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ ဖြစ်ခဲ့ တာကလည်း အံ့သြဖို့ကောင်းတာ တွေ့ကြရပါတယ်။ စစ်ပွဲတွေ ဘာ့ကြောင့် ချုပ်ငြိမ်းမသွားရတာလဲ ဆိုတာ ပြန်ကြည့်ရင် စစ်ပွဲနဲ့ တိုက်ရိုက် မပတ်သက်သူတွေကသာ စစ်ပွဲတွေ ချုပ်ငြိမ်းသွားဖို့ ဆော်သြ ပြောဆိုနေကြပေမယ့် စစ်ပွဲနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကတော့ စစ်ပွဲတွေချုပ်ငြိမ်းသွားရေး ကြိုးပမ်းမှုမှာ မပါဝင်ခဲ့ကြလို့ပါပဲ။

ပါဝင်တယ်ဆိုပြန်တော့လည်း လက်တွေ့ ကျတဲ့ ပါဝင်မှုမ်ျိုး မဟုတ်လို့ စစ်ပွဲတွေ ချုပ်ငြိမ်းသွားခဲ့ခြင်း မရှိတာလို့လည်း ဝေဖန်သံတွေ ကြားခဲ့ကြရ ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စစ်ပွဲတွေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်သူတွေ ပါဝင် နေမှုကပင် စစ်ပွဲတွေ မချုပ်ငြိမ်းစေဖို့ ဖြစ်ခဲ့ရတယ်လို့လည်း မြင်တဲ့သူက မြင်ကြပါသေးတယ်။ ပြည်သူ တွေက၊ ငြိမ်းချမ်းရေး လိုလားသူတွေက စစ်ပွဲတွေ ဘယ်လောက်ပဲ ချုပ်ငြိမ်းချင်သည်ဖြစ်စေ စစ်ပွဲနဲ့ တိုက်ရိုက်ပတ်သက်တဲ့ အသင်းအဖွဲ့များက ကိုယ့်လက်နက် ကိုယ်ပြန်သိမ်းတာမျိုးမရှိသရွေ့ ငြိမ်းချမ်း ရေး မရနိုင်ဘူးလို့လည်း မြင်ကြတာ ရှိပါတယ်။

ယခုအခါ အရပ်သားအစိုးရ ပြန်လည်ပေါ်ပေါက်လာတဲ့အချိန် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးကိစ္စ ကို အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်ထဲ ထည့်ထားပါတယ် ဆိုတဲ့အသံ ကြားကြရပြန်တာမို့ ပြည်သူတွေ ဝမ်းသားကြရ မျှော်လင့်ချက်တွေ မြင့်တက်လာကြရပါတယ်။ ဒီကြားထဲ အာဏာရ အစိုးရကို ဦးဆောင် နေတဲ့သူဖြစ်တဲ့အပြင် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌က ၂ လ ၃ လအတွင်း ၂၁ ရာစု ပင်လုံညီလာခံကြီးဖြစ်လာဖို့ ဝိုင်းဝန်းကြစေချင်တယ်လို့ ထုတ်ဖေါ်ပြောဆိုလိုက် တော့ ပြည်သူအများ ပိုပြီး ဝမ်းမြောက်ကြရ အားတက်ကြရပါတယ်။

လက်ရှိအခြေအနေမှာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ကြိုးပမ်းမှု လက်စလက်နတွေကလည်း ရှိနေပြီ ဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်မှာကတည်းက လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးတဲ့ အချက်ဟာလည်း နောင်ဆက်လက် ကြိုးပမ်းမယ့် ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် ရေခံမြေခံကောင်း ဖြစ်စေတယ်လို့ ယုံကြည်ရမှာပါ။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု မျှော်မှန်းချက်ဟာ ၂ လ ၃ လ အတွင်းဖြစ်ဖို့ မလွယ်ကူတဲ့အကြောင်း၊ လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တိုက်ရိုက်ပါဝင်ပတ် သက်တဲ့ အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်တွေမှာ အဟန့်အတားတွေ ဖြစ်စေ နိုင်ကြောင်း ထောက်ပြကြသည်များလည်း ရှိပါတယ်။

ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကို မလွဲမသွေ ကိုင်ဆွဲကြရမှာဖြစ်တယ်၊ စစ်ပွဲ တွေကို စစ်ပွဲတွေနဲ့ ငြိမ်းသွားအောင် လုပ်လို့မရနိုင်ဘူး၊ အစရှိတဲ့ မြင့်မားလှတဲ့ လိုအပ်ချက်တွေ အသာထား၊ နှစ်ဖက် မျက်နှာချင်းဆိုင် ထိုင်ကြရမယ့် အဖွဲ့အစည်းများကြားမှာ အပြန်အလှန် အသိအ မှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဆိုတဲ့ ဆွေးနွေးပွဲတစ်ခုရဲ့ အခြေခံလိုအပ်ချက်ကိုပင်လျင် လက်ရှိအ ခြေအနေမှာ နှစ်ဦးနှစ်ဖက်စလုံး အောင်မြင်အောင် ကျော်လွှားနိုင်ခြင်း မရှိသေးတဲ့အချက်ဟာလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားအရပြောရ ရင် စစ်ပွဲတွေ တကယ်ချုပ်ငြိမ်းချင်တဲ့ဆန္ဒ အမှန်တကယ်ရှိဖို့ လိုအပ်တယ်ဆိုတာနဲ့ ရိုးသားကြဖို့ လိုတယ်ဆိုတဲ့ အချက်အပေါ်မှာလည်း သံသယဖြစ်လောက်အောင် ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။

ဘယ်လိုပင်ဖြစ်စေ၊ ကျနော်တို့နိုင်ငံမှာတော့ ပြည်တွင်းငြိမ်းချမ်းရေး မရ ရအောင်လုပ်မှ ဖြစ်မယ့်သ ဘော ရှိပါတယ်။ ငြိမ်းချမ်းရေးဟာ စည်ပင်ဖွံ့ဖြိုးမှုရဲ့ အဓိက လိုအပ်ချက်တစ်ခု။ ဒါကိုတော့ အားလုံးနီး ပါး သဘောပေါက်လက်ခံထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယခုတလော ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကောင်းမွန်တဲ့ သဘောထားအမြင်များကြရတာ ကောင်းပါတယ်။

ငြိမ်းချမ်းရေး ကြိုးပမ်းမှုအသံများ ထွက်လာတာ ကောင်းပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဟာ တိုင်းပြည်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံသားအားလုံးနဲ့ ဆိုင်ပါတယ်။ သည်လို နိုင်ငံသား အားလုံးနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ တစ်ဦးတစ်ဖွဲ့ တစ်ခုခုကြောင့် အောင်မြင်အောင် ဆောင်ရွက်လို့မရတဲ့ အဖြစ်မျိုးလည်း လုံးဝမဖြစ်သင့်တဲ့ကိစ္စ သဘာဝမကျတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ စစ်ပွဲနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အဖွဲ့အစည်းတိုင်း ဒီတခါ တော့ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုကြောင်း မဇ္ဈိမက တိုက်တွန်းလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags