ရနောင်းတွင်ကားတိုက်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သံရုံးမှထောက်ပံ့

ရနောင်းတွင်ကားတိုက်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သံရုံးမှထောက်ပံ့

ချင်းမိုင်၊ ။                ။ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့တွင် ကားတိုက်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အစုလိုက် ကားတိုက်ခံ သူများတွင် လူ ၆ ဦးအား မြန်မာသံရုံးမှ တစ်ဦးလျှင် ဘတ် ၁၀၀၀၀ နှင့် ဆေးကုသမှု ခံယူနေသူများအား ၅၀၀၀ ဘတ် ကူညီထောက်ပံ့ပေးခဲ့သည်ဟု မြန်မာသံရုံးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ဒီနေ့က သံရုံးက သံအမတ်ကြီး စီစဉ်ဆောင်ရွက်မှုကြောင့် ဒီကလေးတွေကို သဂြိုလ်ပေးရင်းနဲ့ ကူညီဖို့ ဆိုပြီး ရောက်နေကြတာပါ။ သေဆုံးတာ ၅ လောင်းကို သဂြိုလ် လိုက်ပါတယ်။ အိုင်စီယူမှာလည်း အခြေအနေမကောင်းတဲ့ တယောက်ကျန်ပါသေးတယ်၊ ဒဏ်ရာရနေတဲ့ ၄ ဦးကိုလည်း အားပေး စကားပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ကနေ သေတဲ့ လူတွေအတွက် တယောက်ကို ဘတ် ၁၀၀၀၀၊ ဒဏ်ရာရ သူတွေကို ၅၀၀၀ ဘတ် သံအရာရှိ ဦးအောင်ကိုသန်း ကိုယ်တိုင် မိဘဆွေမျိုးတွေလက်ထဲကို ပေးအပ်ခဲ့ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသံအမတ်အဖွဲသည် ယာဉ်တိုက်မှုဖြင့် သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများအတွက် လျှော်ကြေးများ ရရှိရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ သံရုံး သံအမတ် အဖွဲ့ကလည်း ရောက်ရှိလာကာ အလုပ်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ကားတိုက်ခဲ့သူ တရားခံကိုလည်း ရနောင်း ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားပြီး သက်သေခံ ၅ ဦးကို စစ်ပြီး သွားပြီဟု သိရကြောင်း လျှော်ကြေး အမြန်ဆုံး ရရှိရေးအတွက် ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း သူက ပြောသည်။

ဧပြီလ ၃၀ ရက်နေ့က ရနောင်းမြို့ရှိ SIFCO အအေးခန်းစက်ရုံတွင် အလုပ်ဆင်းရန် စောင့်ဆိုင်းနေချိန် ကားဘီးပေါက်ကွဲ၍ အရှိန် မထိန်းနိုင်ခဲ့သဖြင့် ကားတိုက်ခံရပြီးနောက် ၄ ဦး သေဆုံးခဲ့ပြီး မေလ ၂ ရက်တွင် မအေမီဆက် ထပ်မံ သေဆုံးခဲ့သဖြင့် စုစုပေါင်း ၅ ဦးအား ယနေ့ မေလ ၄ ရက်တွင် သဂြိုလ်လိုက်ခြင်း ဖြစ်သည်။

မေလ ၃ ရက် ညနေပိုင်းတွင်လည်း အသက် ၂၅ နှစ်အရွယ် မဒီဒီအောင် ဆိုသည့် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံးခဲ့သဖြင့် ယနေ့ထိ လူ ၆ ဦးထိ သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဥက္ကဌ ကိုဟိန်းထက်က ပြောသည်။

“ မနေ့က ဆုံးသွားတဲ့တယောက်က အသက် ၂၅ နှစ် မဒီဒီအောင် အလောင်းတော့ ရှိသေးတယ်။ ဒီတယောက်နဲ့ဆို ၆ ယောက် ရှိသွားပြီ။ အိုင်စီယူမှာ တစ်ယောက်ရှိတယ်။ သူလည်း အခြေအနေမကောင်းဘူး၊ မျော်လင့်ချက် မရှိတော့တဲ့ ပုံစံဖြစ်နေတယ်။ ဆေးရုံမှာ ၆ ယောက်ကျန်မယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးမှာ အခြေအနေ စိုးရိမ်ရကာ အရေးအပေါ် အခန်းတွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်ပြီး ပြင်ပအဆောင်တွင် ၅ ဦး ဆေးကုသမှုခံယူနေဆဲ ဖြစ်သည်ဟု သိရသည်။

 ယမန်နေ့ သေဆုံးခဲ့သူ မဒီဒီအောင်အား ရုပ်အလောင်းကို တရုတ်ဘုံကျောင်းတွင် ထားရှိကြောင်း သူက ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာအစိုးရမှ အမျိုးသားလွတ်တော်မှ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီမှ ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာ၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ သဝဏ်လွှာများ ပေးပို့ခဲ့သည်ဟု သိရသည်။

သေဆုံးသူများတွင် တနင်္သာရီတိုင်း ထာဝယ်ခရိုင်မှ မဖြူဖြူလွင်၊ မဥမ္မာ၊ မသူဇာ၊ မသက်ခိုင်၊ မအေမီဆက်နှင့် မဒီဒီအောင်တို့ ၆ ဦးထိ သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required