မက်ဆီ အမည် ရေးထိုးထားသော ပလက်စတစ် အင်္ကျီကို ၀တ်ဆင်ထားခဲ့သည့် အာဖဂန်ကလေးငယ်တို့ မိသားစု ယခုအခါ ခြိမ်းခြောက်ခံရ၍ ပါကစ္စတန်သို့ ထွက်ပြေးနေရ

မက်ဆီ အမည် ရေးထိုးထားသော ပလက်စတစ် အင်္ကျီကို ၀တ်ဆင်ထားခဲ့သည့် အာဖဂန်ကလေးငယ်တို့ မိသားစု ယခုအခါ ခြိမ်းခြောက်ခံရ၍ ပါကစ္စတန်သို့ ထွက်ပြေးနေရ

မေ ၄ ။              ။ ပလက်စတစ်အိတ် တစ်လုံးပေါ်တွင် ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီ၏ အမည်ကိုရေးကာ ကိုယ်ပေါ်မှာ ဝတ်ဆင်ပြီး ဓါတ်ပုံအရိုက်ခံခဲ့သည့် အာဖဂန် ကလေးငယ်လေး၏ မိသားစုသည် ယခုအခါ ခြိမ်းခြောက်စာများ လက်ခံရရှိထားခဲ့ခြင်းကြောင့် ပါကစ္စတန်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။  

လီယွန်နယ် မက်ဆီကို အရူးအမူး သဘောကျနှစ်သက်နေသည့် မာတူဇာ အာမာဒီ ဟု အမည်ရသော အဆိုပါ အာဖဂန် ကလေးငယ်လေး မက်ဆီနာမည်ရေးထိုးထားသော ပလက်စတစ်အင်္ကျီကို ဝတ်ဆင်ထားသည့် ဓါတ်ပုံ အင်တာနက်ကနေတဆင့် ပြန့်နှံ့သွားခဲ့ပြီးနောက် ၎င်းကလေးငယ်လေးမှာ ကမ္ဘာတစ်လွှားက လူအများ၏ သနားဂရုဏာထားခြင်းကို ရရှိခဲ့သည်။

ယခုအခါ အဆိုပါ ကလေးငယ်လေးတို့မိသားစုထံသို့ ခြိမ်းခြောက်စာများ ရောက်ရှိလာခြင်းကြောင့် ၎င်းမိသားစုမှာ ပါကစ္စတန်သို့ ထွက်ပြေးခဲ့ရပြီဖြစ်ကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူက CNN သတင်းဌာနကသို့ ပြောသည်။

၎င်းတို့ မိသားစုသည် လက်ရှိအချိန်တွင် Quetta မြို့တွင် အခြေချနေထိုင်နေလျက်ရှိပြီး ပါကစ္စတန် နိုင်ငံတွင် ဒုက္ခသည်ခိုလှုံခွင့် ရရေးအတွက် ကုလသမဂ္ဂထံသို့ လျှောက်လွှာတင်ထားသည်ဟု သိရသည်။

" အာဖဂန်နစ္စတန်မှာ နေတုန်းက ကျွန်တော်တို့ဆီကို ဘယ်ကလာမှန်းမသိတဲ့ နာမည်မပါတဲ့ ခြိမ်းခြောက်စာ အစောင် ၂၀၊ ၃၀ လောက် ရခဲ့ပါတယ်၊ ကလေးကို ကုရ်အာန်ကျမ်းစာ မသင်ပေးပဲနဲ့ ဘာလို့များ ဘောလုံးအကြောင်း သင်ပေးနေရတာလဲဆိုပြီး ခြိမ်းခြောက်ထားတာပါ" ဟု အဆိုပါ ကလေးငယ်၏ ဖခင် မိုဟာမက် အာရစ်ဖ် အာမာဒီက ပြောကြားသည်။ ၎င်းတို့ မိသားစုသည် လက်တစ်လော လုံခြုံရေးအတွက် ပါကစ္စတန်တွင် ရက်ပေါင်း ၄၀ ကြာ နေထိုင်ရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လလယ်က အာဂျင်တီးနား ဘောလုံးအကျော်အမော် မက်ဆီ၏ ပရိသတ်တစ်ဦးက အဆိုပါ အာဖဂန်ကလေးငယ် ပလက်စတစ် အင်္ကျီ ဝတ်ဆင်ထားသည့် ပုံကို တွစ်တာတွင်   ဖော်ပြခဲ့သည်မှစကာ ကမ္ဘာတစ်လွှား လူအများအကြား ပြန့်နှံ့သွားခဲ့ရသည်။

အဆိုပါကလေးငယ် မာတူဇာက မက်ဆီအမည်ပါ ဘောလုံးအင်္ကျီကို ဝတ်ရရန် ရက်ပေါင်းများစွာ မျက်ရည်ရွှဲလဲဖြင့် ငိုယို တောင်းဆိုခဲ့သည်ဟု ဖခင်ဖြစ်သူက ပြောပြသည်။ နောက်ပိုင်းတွင် ၎င်း၏ အကိုကြီးဖြစ်သူက ပလက်စတစ်အိတ်တစ်လုံးပေါ်တွင် မက်ဆီ၏အမည် နှင့် ကျောနံပါတ်ကို မင်ပြာဖြင့် ရေးထိုးပေးပြီး ဝတ်ဆင်ခိုင်းခဲ့သည်ဟု သိရသည်။

" အဲဒီ ပလက်စတစ် အင်္ကျီ ဝတ်ရတဲ့နောက်မှာမှ သူ အငိုရပ်သွားတော့တာပါပဲ" ဟု ဖခင်ဖြစ်သူက ပြောသည်။

ကလေးငယ်လေး၏ ၎င်းအပေါ် အရူးအမူး အားပေးမှုကို  ကမ္ဘာကျော် ဘောလုံးသမား မက်ဆီလည်း သိရှိသွားခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီလတွင် ၎င်းလက်မှတ်ရေးထိုးထားသည့် ရှပ်အင်္ကျီ နှစ်ထည်နှင့် ဘောလုံးတစ်လုံးကို ယူနီဆက်ဖ်မှ တဆင့် ပေးပို့ပေးခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်အထိ အဆိုပါ ကလေးငယ်လေးနှင့် ၎င်းအရူးအမူး အားပေးရသည့် မက်ဆီတို့ အပြင်တွင် ဆုံတွေ့နိုင်သေးခြင်းမရှိသေးပေ။

ကလေးငယ်လေးနှင့် ၎င်း၏ မိဘများသည် လက်တစ်လောတွင် Quetta မြို့တွင် တစ်လလျင်ဒေါ်လာ ၅၀ ဖြင့် အိမ်ငှားနေထိုင်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required