အသုံးပြီးသားဖုန်းများကို နိုင်ငံသို့ တင်ပို့မည့် Apple ၏ အစီအစဉ်ကို အိန္ဒိယ ကန့်ကွက်

အသုံးပြီးသားဖုန်းများကို နိုင်ငံသို့ တင်ပို့မည့် Apple ၏ အစီအစဉ်ကို အိန္ဒိယ ကန့်ကွက်

အသုံးပြုထားပြီးသားဖြစ်သည့် iPhone များကို နိုင်ငံသို့ တင်ပို့ရောင်းချမည့် Apple Inc ၏  အစီအစဉ်ကို လက်မခံပဲ ကန့်ကွက်ထားသည်ဆိုပြီး အိန္ဒိယအစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပယ်ချလိုက်မှုကြောင့် ကမ္ဘာတစ်ဝန်း  iPhone ရောင်းချရမှုပိုင်းတွင် ပထမဆုံးအကြိမ် ကျဆင်းနေခဲ့ခြင်းကြောင့် ထူးထူးခြားခြား ရုန်းကန်နေရပြီဖြစ်သည့် Apple ကုမ္မဏီအတွက် ထိုးနှက်ချက်တစ်ရပ်ကဲ့သို့ ဖြစ်သွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Apple ကုမ္မဏီသည် ပြန်လည်ပြင်ဆင်မွမ်းမံထားသည့် iPhone များကို ဒစ်စကောင့်ချကာ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့တွင် ရောင်းချနေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် Apple သည် ယင်းကဲ့သို့သော အသုံးပြုပြီးသား ဖုန်းများကို ရောင်းချမည့် အစီအစဉ်ကို အိန္ဒိယနိုင်ငံကိုပါ တိုးချဲ့ရောင်းချရန် စီစဉ်ခဲ့ပြီး ကြီးမားသည့် ယင်းနိုင်ငံ၏ ဈေးကွက်တွင် တစ်ခြားသော အဖိုးနှုန်းသက်သာသည့် ဖုန်းများနှင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ယှဉ်ပြိုင်ဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အိန္ဒိယအစိုးရဘက်က  ယင်းအစီအစဉ်ကို လက်မခံပဲ ပယ်ချထားခဲ့ခြင်းဖြစ်သည်။

"Make in India" ဆိုသည့် နိုင်ငံထုတ် ပစ္စည်းများကိုသာ တိုးမြင့်ရောင်းချပြီး ဈေးကွက်ထဲတွင် တစ်ခြားသော ထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေသည့် အိန္ဒိယအနေဖြင့် ယခုကဲ့သို့ တစ်ပတ်ရစ် ထုတ်ကုန်ပစ္စည်းများ နိုင်ငံသို့ု တင်သွင်းမည့််အစီအစဉ်မျိုးကို ကန့်ကွက်နေခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ အိန္ဒိယနိုင်ငံက ဒီလိုမျိုး အသစ်ချက်ချွတ်မဟုတ်တဲ့ ပစ္စည်းတွေကို အဝင်မခံချင်ပါဘူး" ဆိုပြီး အိန္ဒိယ တယ်လီကွန် လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့်NN Kaul က ဆိုသည်။

အိန္ဒိယနိုင်ငံတွင် စမတ်ဖုန်းတစ်လုံး၏ ပျမ်းမျှတန်ဖိုးမှာ ဒေါ်လာ ၁၅၀ ထက် မများသော်လည်း အသစ်ထွက်ရှိထားသည့် iPhone SE ကို  ရူပီး ၃၉,၀၀၀ (ဒေါ်လာ ၅၈၅) ဖြင့် ရောင်းချနေပြီးခဲ့ကာ အမေရိကန်နိုင်ငံတွင် ကျသင့်သည့် ဒေါ်လာ ၃၉၉ ထက် ပိုမိုများပြားနေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ယင်းမှာ သွင်းကုန်အခွန်အကောက်များနှင့် ဖြန့်ချီရေး အတွက် ကုန်ကျရသည့် စရိတ်စကများကြောင့် ယင်းကဲ့သို့ ဈေးနှုန်းများပြားသွားခြင်းဖြစ်သည်။

Apple ၏ အထက်ပါ ပြန်လည်ပြင်ဆင်ထားသည်ဆိုသော iPhone များသည် များသောအားဖြင့် ဝယ်သူများဆီမှ  ပြန်ရောက်လာသည့် ဖုန်းများ၊ သို့မဟုတ် ထိခိုက်ပျက်စီးမှု တစ်ချို့ကြောင့်  ပြန်ပြင်ထားသည့် ဖုန်းများပင် ဖြစ်သည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံတွင်ရှိသည့်  Apple တာဝန်ရှိသူက တစ်စုံတစ်ရာ မှတ်ချက်ပေးရန်ငြင်းဆန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required