ရေငုပ်သင်္ဘောများကို ထောက်လှမ်းနိုင်မည့် မောင်းသူမဲ့ သင်္ဘောအမျိုးအစားကို အမေရိကန်တို့ စမ်းသပ်

ရေငုပ်သင်္ဘောများကို ထောက်လှမ်းနိုင်မည့် မောင်းသူမဲ့ သင်္ဘောအမျိုးအစားကို အမေရိကန်တို့ စမ်းသပ်

လူလိုက်ပါခြင်းမရှိသည့် ကမ္ဘာ့အကြီးဆုံး သင်္ဘောတစ်စီးကို ပြီးခဲ့သည့် မေလ ၂ ရက်တွင် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ဖော်ပြသခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အလျား ၁၃၂ ပေ ရှိ အဆိုပါ မောင်းသူမဲ့ သင်္ဘောမှာ အများဆုံး ရေမိုင် ၁၀,၀၀၀ ထိ လှည့်လည်သွားလာနိုင်မည်ဖြစ်ပြီး ပင်လယ် ရေအောက်တွင် ခိုးကြောင် ခိုးဝှက် သွားလာနေသည့် ရေငုပ်သင်္ဘောများ၊   ရေအောက် သတ္ထုမိုင်းများကို ရှာဖွေ ထောက်လှမ်းနိုင်မည်ဖြစ်သည်။

ပင်တဂွန် စစ်ဌာနချုပ်၏ သုတေသန ဌာနခွဲတစ်ခုဖြစ်သည့် ကာကွယ်ရေးဆိုင်ရာ အဆင်မြင့်သုတေသန စီမံကိန်းအေဂျင်စီ DARPA နှင့် အမေရိကန်ရေတပ်တို့ ပူးပေါင်းပြီး လာမည့် နှစ်နှစ်တာ အတွင်း ဆန်ဒီယေဂို ကမ်းရိုးတန်းအပြင်ဘက်တွင် ယင်းသင်္ဘောကို စမ်းသပ်မောင်းနှင်ရန် စီစဉ်ထားသည်။ ယင်းစမ်းသပ်မောင်းနှင်မှုတွင် အဆိုပါ မောင်းသူမဲ့ရေယာဉ်မှာ အခြားသော ရေယာဉ်များနှင့် မည်ကဲ့သို့ ဆက်သွယ်မှုများ လုပ်ဆောင်နိုင်မည်၊ သဘောၤများနှင့် မတိုက်မိရန် မည်သို့ ရှောင်ရှားနိုင်မည်လဲ ဆိုသည်ကို သိရှိရမည်ဖြစ်သည်။ သင်္ဘောကြီးများပေါ်မှ အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ် ရေချရသည့် ရေယာဉ်ငယ်များနှင့် မတူသည့်အချက်က Sea Hunter ဟုခေါ်သော ယခု မောင်းသူမဲ့ရေယာဉ်မှာ လူက ထိန်းချုပ်ပေးစရာ မလိုပဲ သူ့အလိုလို လုပ်ဆောင်ချက်များကို လုပ်သွားနိုင်မည်ဖြစ်သည်။

" ဒီ Sea Hunter ရေယာဉ်က ရေဒါ၊ ဆိုနာ၊ ကင်မရာနဲ့ ကမ္ဘာ့တည်နေရာ ရှာတဲ့စနစ်တွေကို အဓိက သုံးပြီးတော့ သူ့ဘာသာ လှုပ်ရှားသွားလာနိုင်မှာဖြစ်ပါတယ်" လို့ DARPA ၏ ပြောရေးဆိုခွင့်ရှိသူ Jared B. Adams က ပြောကြားသွားသည်။

အဆိုပါ ရေယာဉ်ကို စမ်းသပ်မည့် ကာလတွင် စစ်ဘက်ခေါင်းဆောင်များအပြင် စီးပွားဖြစ် သဘောၤထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများသည်လည်း ယင်း၏ စွမ်းဆောင်မှုပိုင်းကို   စောင့်ကြည့်သွားမည်ဖြစ်သည်။

လာမည့် နှစ်နှစ်အကြာတွင် ယင်းရေယာဉ်ကို စမ်းသပ်သည့်အချိန်တွင် ပထမဆုံးအနေဖြင့် လူက လိုက်ပါစောင့်ကြပ်ဦးမည်ဖြစ်ပြီး စိတ်ချရသည့် အခြေအနေရောက်မှသာလျင် သဘောၤကို သူ့အလိုလို သွားလာစေမည်ဖြစ်သည်။

အဆိုပါ သင်္ဘောတွင် ဒီဇယ်အင်ဂျင်နှစ်လုံးတပ်ဆင်ထားကာ သင်္ဘော ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ သန်း ၂၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required