IPHONE နှင့် ကုန်စည် အမှတ်တံဆိပ်တိုက်ပွဲတွင် Apple ရှုံးနိမ့်

IPHONE နှင့် ကုန်စည် အမှတ်တံဆိပ်တိုက်ပွဲတွင် Apple ရှုံးနိမ့်

ဘေဂျင်း၊ မေ ၄ ။            ။ Apple ကုမ္ပဏီသည် တရုတ်နိုင်ငံတွင်း လက်ကိုင်အိတ်များနှင့် သားရေဖြင့်ပြုလုပ်သော ကုန်ပစ္စည်းများ ထုတ်လုပ်သည့် 'IPHONE'အမည်ရ အမှတ်တံဆိပ်နှင့် ကုန်စည်အမှတ်တံဆိပ်တိုက်ပွဲတွင် ရှုံးနိမ့် ခဲ့ကြောင်းသိရသည်။

ဘေဂျင်းမြူနီစပါယ်ပြည်သူ့တရားရုံးမှ Xinton Tiandi Technology ကုမ္ပဏီကို တရားနိုင်အဖြစ် စီရင်ခဲ့ကြောင်း တရားဝင် Legal Dailyသတင်းစာက ရေးသားခဲ့သည်။

Xintong Tiandi ကုမ္ပဏီသည် 'IPHONE'ဟူသော တံဆိပ်ကို သားရေထုတ်ကုန်များအတွက်  တရုတ်ပြည်တွင် ၂၀၁၂ခုနှစ်က မှတ်ပုံတင်ခဲ့သည်။

Apple ကုမ္ပဏီက တရုတ်နိုင်ငံတွင် ၂၀၀၂ ခုနှစ်ကတည်းက ၎င်းတို့၏ အီလက်ထရောနစ် ထုတ်ကုန်များ အတွက် သုံးစွဲနေသောအမှတ်တံဆိပ်အတွက် မှတ်ပုံတင်ခဲ့သော်လည်း  ၂၀၁၃ ခုနှစ်တိုင်အောင် ခွင့်ပြုမိန့် ရရှိခဲ့ခြင်း မရှိပေ။

တရုတ်သတင်းစာ Legal Daily ကို တရုတ်နိုင်ငံ၏ ဗဟိုနိုင်ငံရေးနှင့် တရားရေးကိစ္စရပ်များကော်မရှင်၏ တရားဝင်ပြောရေးဆိုခွင့် ရှိသူအဖြစ် ကျယ်ပြန့်စွာသိရှိထားကြသည်။ ယခုထုတ်ပြန်ချက်သည် ဧပြိလ နှောင်းပိုင်းကတည်းက ထွက်ပေါ်ခဲ့ခြင်းဖြစ်သော်လည်း ယခုမှလူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခြင်း ဖြစ်သည်။

Xintong Tiandi သည် တရားဝင်မှတ်ပုံတင်ထားပြီးအမှတ်အသား 'R'ပါ 'IPHONE'အမှတ်တံဆိပ်ဖြင့် လက်ကိုင်အိတ်များ၊ မိုဘိုင်းဖုန်းကေ့စ်များနှင့် အခြားသားရေထုတ်ကုန်များရောင်းချသော ကုမ္ပဏီဖြစ်သည်။

Apple ကုမ္ပဏီသည် အဆိုပါကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကုန်အမှတ်တံဆိပ်ဆိုင်ရာ ဥပဒေအရ တရားစွဲဆိုခဲ့သော်လည်း ရှုံးနိမ့်ခဲ့သဖြင့် ဘေဂျင်းအောက်တရားရုံးတွင် ထပ်မံစွဲဆိုခဲ့သည်။

သို့သော် ထပ်မံရှုံးနိမ့်ခဲ့သဖြင့် အထက်တရားရုံးတွင် ထပ်မံတရားရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

Apple အနေနှင့် Xintong Tiandi ကုမ္ပဏီက ၎င်း၏ ကုန်စည်အမှတ်တံဆိပ်တင်သွင်းလွှာ တင်ခဲ့သည့် ၂၀၀၇ ခုနှစ်မတိုင်ခင်ကတည်းက ၎င်းသည် တရုတ်ပြည်တွင်း၌ နာမည်ကျော်ကြားသော တံဆိပ်ဖြစ်ကြောင်း သက်သေ မပြနိုင်ခဲ့ကြောင်း ဘေဂျင်းတရားရုံးက စီရင်ချက်ချခဲ့သည်။

Apple ကုမ္ပဏီထုတ် Iphone များကို  တရုတ်နိုင်ငံ၌ ၂၀၀၉တွင် စတင်ရောင်းချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly