မကွေးဒေသ ရေဘေးသင့် ပြည်သူများ နာလန်ထရန် ကြိုးပမ်းနေ

မကွေးဒေသ ရေဘေးသင့် ပြည်သူများ နာလန်ထရန် ကြိုးပမ်းနေ

ပွင့်ဖြူ (Myanmar Now) ။               ။ မဝင်းသီတာစိမ့်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လအထိတော့ ဘဝရှေ့ရေးအတွက် မျှော်လင့်ချက် ထားသူ တစ်ဦးဖြစ်သည်။ သူတို့ဇနီးမောင်နှံက ဝက်နှစ်ကောင် အကြွေးဝယ်ပြီး မွေးထားသေးသည်။

ထိုသို့ ဝယ်ယူမွေးမြူပြီး တတိယမြောက်နေ့တွင် သူနေထိုင်ရာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ နယ်၊ မုန်းချောင်းဘေးမှ စည်ပင်သာယာရွာသည် ရေဘေးနှင့် ရုတ်တရက် ရင်ဆိုင်လိုက် ရခြင်းကြောင့် နေအိမ်ပါ နစ်မြှုပ်သွားပြီး မွေးမြူစ ဝက်နှစ်ကောင်လည်း ရေထဲသို့ မျောပါသွားသည်။

“အဲဒီအချိန်တုန်းက ကိုယ်ဝန်ကလည်း ရင့်မာနေတဲ့အချိန်၊ ရေကလည်း တရှိန်ထိုးတက်လာတဲ့ အခါကျတော့ ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘူး” ဟု ၂၃ နှစ်အရွယ် မဝင်းသီတာစိမ့်က ပြောသည်။

ရေကြီးပြီး ရှစ်လကြာပြီဖြစ်သော်လည်း နေအိမ်အသစ် ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးခြင်းကြောင့် ရွာထဲမှ မိခင်အိမ်တွင်ပင် သူတို့ သောင်တင်နေသည်။ စည်ပင်သာယာရွာသည် ပြီးခဲ့သည့်နှစ်က နိုင်ငံတွင်း ရေဘေးဒုက္ခကြုံခဲ့ရသည့် ဒေသများအနက် တစ်ခုဖြစ်သည်။

နိုင်ငံအနံှ့ ၂ဝ၁၅ ဇွန်၊ သြဂုတ်လတို့တွင် ရေဘေးအန္တရာယ် ကျရောက်ခဲ့ရာ စစ်ကိုင်း၊  မကွေး၊ ချင်း၊ ရခိုင်တို့သည် အဆိုးရွားဆုံး ခံစားရသည့် ဒေသများဖြစ်ကြောင်း၊ ရိက္ခာ၊ အရေးပေါ် အစားအစာ၊ သေဆုံးမှုထောက်ပံ့ကြေး၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းတို့အတွက် စုစုပေါင်းတန်ဖိုး ငွေကျပ် ၆၈၅ သန်းဖိုး ကူညီပြီးဖြစ်ကြောင်း၂ဝ၁၅ သြဂုတ်၂၇ ရက်နေ့ အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရေဘေးကြောင့် သေဆုံးသူ ၁၂ဝ အနည်းဆုံးရှိပြီး အိမ်ထောင်စု ၄ သိန်းကျော် ထိခိုက်သွားသည်ဟု ဆိုသည်။

နိုင်ငံတကာ ကူညီရေးအဖွဲ့များက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း အများအပြား ဆောင်ရွက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း လုပ်ကိုင်ခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့ခွဲများ ကလည်း ကြေညာချက်များ ထုတ်ပြန်ရာတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ၂ဝ၁၆ နှစ်လယ်ပိုင်းအထိလူ ၁ဝ၄,ဝဝဝ အတွက် အကူအညီ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က လယ်သမား၊ ရေလုပ်သား ၁၅ဝ,ဝဝဝ ဝန်းကျင်အတွက် အထောက်အပံ့များ ပေးမည်ဟုမတ်လတွင် ကြေညာထားသည်။

ရေဘေးသင့်သူတို့ မူလအခြေအနေ ပြန်ရောက်နိုင်ရေးအတွက် ရိက္ခာနှင့် အကူအညီ ဆက်လက်ထောက်ပံ့မည့် နည်းလမ်းရှာဖွေစီစဉ်ရန် အစိုးရနှင့် အကူအညီပေးရေးအဖွဲ့များကို တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အကြံပြုချက်ထဲတွင် ရေဘေးသင့်သူတို့ ရိက္ခာဝယ်ယူရန် ငွေကြေးထောက်ပံ့မှု၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး အကူအညီပေးအပ်ရန်တို့ လည်း ပါဝင်သည်။  

မဝင်းသီတာစိမ့်ကဲ့သို့သော သဘာဝဘေးအန္တရာယ်နှင့် ကြုံခဲ့ရသူများကမူ လုပ်ငန်း ပြန်လည် ထူထောင်ရေးအတွက် အကူအညီ လိုအပ်ဆဲဖြစ်ကြောင်း ပြောကြသည်။

“မွေးမြူရေးလုပ်ငန်းတော့  ပြန်လုပ်ကိုင်ချင်တယ်” ဟု မဝင်းသီတာစိမ့်က ဆိုသည်။

လိုအပ်ချက်များ

ပွင့်ဖြူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ မှတ်တမ်းများတွင် ရပ်ကွက် ၄ ခု၊  မုန်းချောင်းဘေး မှ ၂ဝ၅ ရွာတို့ ရေနစ်မြှုပ်သွားခဲ့ကြောင်း ဖော်ပြထားသည်။ အိမ်ခြေ ၃၅၅ လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ဆေးရုံ ၂ ခုနှင့် တိရစ္ဆာန်မျိုးစုံ ၁၇, ၉၅၁ ကောင် ထိခိုက်ပျက်စီးသွားသည်။

မဝင်းသီတာစိမ့်ကဲ့သို့ပင် စည်ပင်သာယာရွာတွင် နေထိုင်သည့် ဦးအောင်ကြည်တို့ မိသားစု လည်း နေအိမ်ပြိုကျပျက်စီးခြင်း၊ ကြက်အကောင်ရေ ၃ဝ ကျော် ရေထဲမျောပါသွားခြင်းတို့နှင့် ကြုံခဲ့ရ သည်။

“အရင်က မိသားစု ၆ ဦးရဲ့ စားဝတ်နေရေး လောက်ငှတယ်။ အခုကျတော့ သူများဆီမှာ နေ့စားလုပ်နေရတော့ အဆင်မပြေဘူး” ဟု အသက် ၆ဝ အရွယ် ဦးအောင်ကြည်က ပြောသည်။ နေ့စားလုပ်ခ ကျပ် ၁,ဝဝဝ ခန့်သာ ရသည်ဟုဆိုသည်။

တစ်ရွာတည်းနေ ၄၄ နှစ်အရွယ် ဒေါ်အေးကလည်း လယ်ထဲရောက်နေသည့် သဲနုန်းတို့ကို ဖယ်ရှားနိုင်မည့် ခေတ်မီစက်ကိရိယာများ မရှိကြောင်း ရှင်းပြသည်။ “နေဖို့ အဆင်မပြေသေးသလို လုပ်ကိုင်စားသောက်ဖို့ကျတော့လည်း လယ်တွေ၊ ကိုင်းတွေက သုံးစားလို့မရတော့ပါဘူး” ဟု ၎င်းက ပြောသည်။

ဒေါ်အေးက သီးနှံ ပြန်လည်စိုက်ပျိုး လုပ်ကိုင်စားသောက်နိုင်သည့် အနေအထားသို့ ပြန်ရောက်လိုသည်ဟု ပြောသည်။ ဥယျာဉ်ကျစ်အုပ်စု၊ ရှောက်တောတောင်ကွက်သစ်ရွာနှင့် မုန်းချောင်းကြားတွင် နေထိုင်သူများသည်လည်း မုန်းချောင်းထဲသို့ ၎င်းတို့၏ ခြံမြေ ၁ဝ ပေနီးပါး မျောပါသွားကြောင်း ကမ်းနံဘေးတွင် နေထိုင်သည့် မဖြိုးမွန်မွန်က ပြောသည်။

“အခုနောက်ပိုင်း မိုးရွာရင် အိပ်ကိုမအိပ်ရဲဘူး။ ညလုံးပေါက် အလင်းငုတ်တုတ် ထိုင်နေရ တယ်။ အိမ်ထဲမှာနေဖို့လည်း စိတ်မချရ၊ လုပ်ငန်းလည်း ထွက်မလုပ်ရဲဘဲ ဒီအန္တရာယ်များတဲ့ ချောင်းဘေးနားမှာပဲ မရွှေ့နိုင်မပြောင်းနိုင် ဖြစ်နေရတယ်။ ရွှေ့စရာလည်း မြေနေရာမရှိဘူး” ၎င်းက ရှင်းပြသည်။

အကူအညီ

မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးနေမျိုးကျော်က ရေဘေး သင့်သူတို့သည် စက်ကိရိယာနှင့် အရင်းအနှီး လိုအပ်ချက်များကြောင့် လယ်ယာလုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးသဖြင့် အကူအညီပေးရာတွင် လက်မှုလယ်ယာမှ စက်မှုလယ် ယာသို့ ပြောင်းလဲရန်လည်း အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက တစ်ပါတည်း ကူညီသင့်သည်ဟု သုံးသပ်သည်။ 

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ သဘာဝဘေး ကာကွယ်ခြင်းလုပ်ငန်းများကို ဦးစား ပေးသည့် ၎င်းတို့၏ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင်လည်း ရေဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း ရှင်းပြသည်။ ပြည်ထောင်စု အစိုးရ ရန်ပုံငွေ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများကို ထိခိုက်နစ်နာသည့် ဒေသများသို့ ပိုမိုပေးအပ်ရန် တိုက်တွန်းမည်ဟု သူက ဆိုသည်။

“ဘတ်ဂျက် ဘယ်လောက်ပမာဏအထိ သုံးနိုင်လဲနဲ့ နည်းပညာပံ့ပိုးမှု ဘယ်လောက်ရှိလဲ ဆိုတာကတော့ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေပါပဲ” ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

စည်ပင်သာယာရွာမှ  ဒေါ်အေးက ရေကြီးရေလျှံဖြစ်ပွားမှုအချိန်တွင်သာ ကူညီထောက်ပံ့မှုများ ရရှိပြီး ယခုအခါ မည်သူကမျှ အကူအညီပေးအပ်ခြင်း မရှိကြောင်း ပြောပြသည်။ "အခုချိန်မှာ အစိုးရ ကိုပဲ အားကိုးရမလိုလို နိုင်ငံတကာအဖွဲ့အစည်းကိုပဲ အားကိုးရမလိုလိုနဲ့ နောက်ဆုံးမှာတော့ ဘယ်သူ့ ကိုမှ အားကိုးမရတဲ့ အဖြစ်မျိုးဖြစ်နေတာ" ဟု သူက ပြောသည်။

ရေဘေးကူညီကယ်ရာတွင် တိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများကလည်း အရေးပါသည့် အခန်းကဏ္ဍတွင် ရှိခဲ့သည်။ အစောပိုင်းကာလတွင် ဒေသအသီးသီးမှ ပြည်သူများ၊ အသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေရေး လုပ်ငန်းများကို အကြီးအ ကျယ် ပြုလုပ်ခဲ့သည်။

ယခုအခါ ဘဏ္ဍာငွေ အခက်အခဲကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မပြုလုပ်ပေးနိုင် တော့ကြောင်း ဧရာဝတီမြစ်အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုအဖွဲ့ တာဝန်ခံ ဦးသန့်စင်က ပြောသည်။

"ငွေအင်အားနဲ့ မကူညီနိုင်ပေမဲ့ မကွေးတိုင်းအတွင်းက လက်လှမ်းမီသမျှ ရွာတွေရဲ့ လိုအပ်တဲ့ စာရင်းတွေကို ကောက်ယူလျက် ရှိပါတယ်" ဟု ဦးသန့်စင်က ဆိုသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေး မလုပ်နိုင်သေးသည့် အကြောင်းအရင်းမှာ အရင်းအနှီးမရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

"ပုဂ္ဂလိက ဒါမှမဟုတ် အစိုးရသစ်ကနေ အတိုးနည်းတဲ့ နှစ်ရှည် ချေးငွေလုပ်ငန်းတွေ လုပ်ပေး ဖို့ လိုပါတယ်။ အဲဒီလိုလုပ်ပေးခြင်းအားဖြင့် အခက်အခဲအားလုံးကို ဖြေရှင်းမပေးနိုင်ရင်တောင် သူတို့အနေနဲ့ အနည်းငယ် ပြေလည်မှုရသွားမယ်လို့ ထင်ပါတယ်" ဟု ဦးနေမျိုးကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly