စိတ်နေစိတ်ထားတိုင်းတာမှုပေတံ

စိတ်နေစိတ်ထားတိုင်းတာမှုပေတံ
Photo - Zaynway Tun FB

ဒီရက်ပိုင်းအတွင်း မန္တလေးမြို့က ရောင်းသူမထိုင်ပဲ သည်အတိုင်း အအေးဗူးချရောင်းတဲ့ ဈေးဆိုင်သတင်းက အင်တာနက်လူမှုကွန်ရက် စာမျက်နှာမှာ လူတွေ စိတ်ဝင်စားတာတွေ့ရပါတယ်။ အဲဒီဆိုင်က ရောင်းသူထိုင်ရောင်းတဲ့ဆိုင်မဟုတ်ပါဘူး။ ဝယ်တဲ့သူက အအေးဗူးတွေထည့်ထားတဲ့ ပုံးထဲက ကြိုက်တဲ့အအေးဗူးကိုယူပြီး ကျသင့်ငွေကို သည်အတိုင်း ချထားခဲ့ရမှာဖြစ်ပါတယ်။ ဒီလို ရောင်းသူမထိုင်ပဲ သည်အတိုင်း ချရောင်းတဲ့စနစ်ကို ဘာပြုလို့ ပြုလုပ်ရသလဲဆိုတော့ ဈေးဝယ်သူရဲ့ စိတ်နေစိတ်ထားကို သိချင်လို့ စမ်းသပ်ရောင်းချကြည့်တာလို့ ဆိုပါတယ်။

အဲဒီနေ့က အအေးဗူးရောင်းချသူရဲ့ စစ်ဆေးတွှေ့ရှိချက်အရဆိုရင် ပိုက်ဆံမပေးပဲယူသွားတဲ့ သူ ရှိသလို တာဝန်သိစွာ ကျသင့်ငွေ ပေးချေသွားတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ငွေပေး ချေခြင်း မပြုပဲ အအေးဗူးယူသွားသူက ၃၆ ရာခိုင်နှုန်းရှိပြီး ငွေပေးချေချထားခဲ့သူက ၆၄ ရာနှုန်းရှိ တယ်လို့ ယူဆရမှာ ဖြစ်ကြောင်းလည်း ဈေးရောင်းသူက တွက်ချက်ပြပါတယ်။ ဒါဆိုရင် အဲဒီနေရာ တဝိုက်က လူတွေရဲ့စိတ်နေစိတ်ထားဟာ သူထင်သလောက် မဆိုးဘူးလို့လည်း ထုတ်ဖေါ်ပြောဆို ပါတယ်။ နောက်ထပ် တစ်ပါတ်လောက် ဆက်ရောင်းကြည့်အုန်းမယ်လို့လည်း ပြောခဲ့ပါတယ်။

ကျနော်တို့နိုင်ငံမှာ လူတွေရဲ့စိတ်နေစိတ်ထားတွေဟာ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ကလို မဟုတ်တော့ပဲ စိတ်နေစိတ်ထား နိမ့်ကျနေပြီဖြစ်တယ်လို့ ပြောဆိုလာကြတာတော့ ကြာပါပြီ။ လိမ်လည်ပြောဆိုမှု၊ ကတိမတည်မှု၊ ကိုယ်ချင်းစာတရားမရှိမှု၊ ကိုယ်ကျင့်သိက္ခာမဲ့မှု အစရှိတဲ့ အင်မတန်ထိတ်လန့်ဖွယ်ကောင်းတဲ့ စိတ်ဆိုးစိတ်မှားတွေနဲ့ လုံးထွေးရစ်ပတ်လာနေတဲ့ မြန်မာ့လူ အဖွဲ့အစည်းအကြောင်း ကမ္ဘာသိဖြစ်လာတာလည်း ကြာပါပြီ။

အခုလို ရောင်းသူမရှိပဲ ဈေးရောင်းကြည့်ပြီး လူတွေရဲ့ ကိုယ်ကျင့်တရားအခြေအနေ စမ်းသပ် တိုင်းတာကြည့်တာ တော်တော်တောင်မှ နောက်ကျနေပြီလို့တောင် ပြောလို့ရမယ်ထင်ပါတယ်။
ဒီလို ရောင်းသူမထိုင်ပဲ ဈေးရောင်းတဲ့နည်းနဲ့ အောင်မြင်တဲ့ဈေးရောင်းမှုကို ဥရောပနိုင်ငံတချို့မှာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်လောက်ကတည်းက စမ်းသပ်လုပ်ကိုင်ခဲ့ကြဖူးပါတယ်။ စီးပွားဖြစ် စီးပွားရေးလုပ်ငန်းသဘော မဟုတ်ပဲ အခုလို လူတွေရဲ့စိတ်နေစိတ်ထားကို စမ်းသပ်တဲ့သဘော ဖြစ်တာမို့ အစဉ်တစိုက်တော့ မလုပ်နိုင်ခဲ့ကြပါဘူး။ ဈေးရောင်းသူနဲ့ ဈေးဝယ်သူကြား ပြောရဆိုရမယ့် ကိစ္စတွေအပေါ် မူတည်ပြီး အားနည်းချက်ဖြစ်စေတာမို့ စိတ်စမ်းသပ်မှုအလုပ်တစ်ခုအဖြစ်ပဲ လုပ်နိုင်ခဲ့ ကြပါတယ်။ ရေရှည်မလုပ်နိုင်ခဲ့ကြပါဘူး။

ဒါပေမယ့်လည်း ဥရောပတိုင်းပြည်တစ်ချို့မှာက လူတွေက ကိုယ်ကျင့်သိက္ခာအခြေအနေက တော်တော်ကောင်းမွန်တာတော့ ဝန်ခံကြရမှာပါ။ ဥပမာ ကောက်တွေ့တဲ့ပစ္စည်းပြန်ပေးတာမျိုး၊ ကားပေါ်ကျန်နေတဲ့ပစ္စည်း ပိုင်ရှင်ဆီကားသမားက ပြန်လိုက်ပေးတာမျိုးနဲ့ နိုင်ငံသားတစ်ဦး ဥပဒေအရ စောင့်ထိန်းရမယ့်အရာတွေ ဥပမာ ကိုယ့်အိမ်ဝိုင်းထဲက ကိုယ်ပိုင်သစ်ပင် ခုတ်လှဲတာကအစ တာဝန်ရှိ သူထံ ညှိနှိုင်းခွင့်တောင်းတာမျိုးအထိ လူတိုင်းနီးပါး လိုက်နာလုပ်လာနေကြတာ ကြာပါပြီ။ သူတို့နိုင်ငံ သားတွေ ဥပဒေနဲ့အညီ လိုက်နာနေထိုင်တာ၊ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းကြတာ ငြင်းလို့မရအောင် ကိုပဲ အောင်မြင်လာခဲ့ကြတာ ကြာပါပြီ။

လူတွေရဲ့ နိမ့်ကျလာနေတဲ့ စိတ်နေစိတ်ထားတွေ ပြန်လည်ခေါင်းမော့လာစေဖို့ ဆောင်ရွက်ကြ မယ်ဆိုရင် ဆောင်ရွက်ကြမယ့်ခေါင်းဆောင်တွေ၊ ခေါင်းဆောင်ခွင့်ရတဲ့သူတွေကအစ ကိုယ်တိုင်စံပြ နေပြ လုပ်ပြကြမှသာ အောင်မြင်နိုင်စရာအကြောင်း ရှိပါတယ်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ ဟာသစကားလို မဖြစ်ဖို့ အရေးကြီးလှပါတယ်။ ပြီးတော့ လူတို့ရဲ့စိတ်နေစိတ်ထားကို တည့်မတ် မြှင့်တင်ပေးတဲ့ ပညာရေး၊ ပညာပေးမှုတွေအပြင် လက်ရှိ လူနေမှုအနေအထားတွေ စီးပွားရေးအခြေအ နေတွေကို ပြုပြင်မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ အချိန်ယူဆောင်ရွက်မှရမယ့် ကိစ္စလည်းဖြစ်တဲ့အပြင် ပြုပြင်ပြောင်းလဲရေး အခြေခံမူများကအစ မှန်ကန်ဖို့ လိုအပ်လှပါတယ်။

ဒါကြောင့်မို့ ကျနော်တို့နိုင်ငံက လူတွေရဲ့ ယျေဘုံယ အနေအထားဟာ ယခင်ကထက် နိမ့်ကျ လာနေတဲ့ ကိစ္စကတော့ ပိုင်ရှင်မထိုင်ပဲရောင်းတဲ့ ဈေးဆိုင်နည်းနဲ့ စမ်းသပ်ကြည့်ဖို့တောင် မလိုလောက်အောင် ကျဆင်းနေတာ လူတိုင်းအသိ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဈေးရောင်း ခြင်းဟာ လူတွေမေ့လျော့နေတဲ့ အချက်ကို လူငယ်တွေကိုယ်တိုင်က ဦးဆောင်ပြီး သတိပေးနှိုး ဆော်တဲ့သဘော သက်ရောက်တာမို့ မဇ္ဈိမက ကြိုဆိုဂုဏ်ယူကြောင်း ပထမ ပြောလိုပါတယ်။ တကယ် တော့လည်း အထက်က ကျနော်တို့ပြောခဲ့သလို သည့်ထက်ပိုမိုထိရောက်တဲ့နည်းများနဲ့ လူတွေရဲ့ ကိုယ်ကျင့်တရား စိတ်ထားကို စမ်းသပ်မြှင့်တင်ကြဖို့ လိုအပ်ကြောင်း မဇ္ဈိမက တိုက်တွန်းအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly