အသင်း၏ ခံစစ်ပိုင်းအား ကစားသမားထပ်မံဖြည့်တင်းရန် ဂတ်ဇီဆီ စီစဉ်

အသင်း၏ ခံစစ်ပိုင်းအား ကစားသမားထပ်မံဖြည့်တင်းရန် ဂတ်ဇီဆီ စီစဉ်
MNL All Star အသင်းနှင့်ခြေစမ်းပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြဂတ်ဇီဆီကိုတွေ့ရစဉ် (ဓါတ်ပုံ ရွှေဘုတ်)

မေ ၃ ၊ ရန်ကုန်။             ။ ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းအား ခံစစ်ပိုင်းအားနည်းမှုအတွက် ကစားသမားအသစ်ထပ်မံဖြည့်တင်းရန် စီစဉ်သွားမည် ဟု နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က MNL All Stars အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိ ပဏာမကစားသမားစာရင်းတွင် နောက်တန်း ကစားသမားများအဖြစ်  အောင်ဇော်၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဖြိုးကိုကိုသိန်း၊ သီဟထက်အောင်၊ ဟိန်းသီဟဇော် တို့ ပါဝင်ကစားလျက်ရှိသည်။

“ အသင်းရဲ့ ခံစစ်ပိုင်းကို အားမရသေးပါဘူး။ အခုလူစာရင်းထက် ထပ်ပြီးတော့ ဖြည့်ချင်ပါတယ်။ အသင်းမှာ သီဟထက်အောင်လို လူငယ်ခံစစ်မှူးတွေ ရှိပေမယ့် သူက ကလပ်အသင်းမှာ ကစားခွင့်မရတဲ့အခါ အသင်းမှာ နေရာပေးဖို့ ခက်နေပါတယ်။ ဖြစ်နိုင်မယ်ဆို သူ့လို လူငယ်ကစားသမားကောင်းတွေကို နေရာမပေးနိုင်ရင်တောင် အဌားချပေးဖို့တောင်းဆိုချင်ပါတယ်။ ခံစစ်မှူးကိုတော့ နောက်ထပ်တစ်ယောက်လောက် ထပ်ရှာပြီး ဖြည့်သွားမှာပါ။ စီနီယာကစားသမားအချို့ကိုလည်း ခြေစွမ်းပုံမှန်ပြန်ရမယ်ဆိုရင် ပြန်လည်ခေါ်ဖို့ ရှိပါတယ် ” ဟု ဂတ်ဇီဆီဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၆ ခုနှစ်မှ စတင်ကာ နိုင်ငံတကာပြိုင်ပွဲ နှင့် ခြေစမ်းပွဲစဉ်တိုင်းတွင် ပွဲတိုင်းဂိုးပေးခဲ့ရပြီး ပြီးခဲ့သည့် MNL ALL Stars အသင်းနှင့် ပွဲတွင်လည်း ပွဲအစ ၂၈ မိနစ်ကတည်းက ဘမ်ဘာ၏ ဦးဆောင်ဂိုးအား ခွင့်ပြုခဲ့ရကာ နောက်မှ သရေလိုက်ကစားခဲ့ရသည်။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အနီးစပ်ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် လာမည့် မေလ ၂၈ ရက်တွင် မလေးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲထပ်မံ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required