အသင်း၏ ထိပ်သီးကစားသမားတွေကို ရောင်းချမည်မဟုတ်ဟု လက်စတာအသင်းပိုင်ရှင်များ ဆို

အသင်း၏ ထိပ်သီးကစားသမားတွေကို ရောင်းချမည်မဟုတ်ဟု လက်စတာအသင်းပိုင်ရှင်များ ဆို

မေ ၃၊ လက်စတာ ။             ။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပြီးနောက်တွင် လက်စတာအသင်းပိုင်ရှင်များက အသင်းမှ ထိပ်သီးကစားသမားများကို ရောင်းချမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

လက်ရှိတွင် ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည့် မာရက်ဇ်အား ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေသလို ကွင်းလယ်လူ ကန်တီကိုလည်း ဥရောပထိပ်သီးအသင်းကြီးများက စိတ်ဝင်စားလျက်ရှိနေကြသည်။

ထို့အပြင် အသင်း၏ ဂိုးသွင်းအများဆုံးတိုက်စစ်မှူး ဗာဒီကိုလည်း ပရီးမီးယားလိဂ်အသင်းကြီးများက စိတ်ဝင်စားနေကြသလို ဂိုးသမား ကက်စပါရှမိုက်ကယ်ကိုလည်း ဘာစီလိုနာအသင်းက ပေါင် ၁၅ သန်းဖြင့် ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သို့သော် လက်စတာအသင်းပိုင်ရှင် ဗီချိုင်၏သား အီရာဝက်က အသင်းမှ ကစားသမားများကို လုံးဝရောင်းချမည် မဟုတ်ဟု ပြောဆိုလိုက်သည်။ 'ကစားသမားတွေက အသင်းမှာ ဆက်နေလိုကြပြီး သူတို့ရှေ့ကို ဆက်သွားနိုင်သလောက် သွားလိုကြပါတယ်။ ဒါကြောင့် ကစားသမားတွေရောင်းချခြင်းက ကျွန်တော်တို့ရဲ့ အစီအစဉ်မဟုတ်ပါဘူး။

ကစားသမားတစ်ဦးတစ်ယောက်ကိုမှ ရောင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းက အခြားအသင်းတွေအတွက် ကစားသမားကောင်းတွေ မွေးထုတ်ပေးတဲ့ အသင်းလည်း မဟုတ်ပါဘူး' ဟု အီရာဝက်က ပြောသည်။

ထို့အပြင် အီရာဝက်က ၎င်း၏ဖခင်သည် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ပိုင်ဆိုင်ခွင့်ရနေကတည်းကိုက ဂုဏ်ယူနေသူဖြစ်ပြီး ယခု ၎င်းသည် ပရီးမီးယားလိဂ်ချန်ပီယံအသင်းကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်းနှင့် ထိုအသင်းကို နှလုံးသားဖြင့် စီမံလုပ်ကိုင်နေခြင်း ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly