မြန်မာ့ဖွံ့ဖြိုးရေးအတွက် ဖင်လန်နိုင်ငံက ပညာရေး၊ ကျန်းမာရေး နှင့် ကျား-မတန်းတူညီမျှမှုရှိရေး တို့တွင် ဦးစားပေး ကူညီသွားမည်

မြန်မာ့ဖွံ့ဖြိုးရေးအတွက် ဖင်လန်နိုင်ငံက ပညာရေး၊ ကျန်းမာရေး နှင့် ကျား-မတန်းတူညီမျှမှုရှိရေး တို့တွင် ဦးစားပေး ကူညီသွားမည်

ဟယ်လ်စင်ကီ၊ မေ၊ ၃ ။            ။ ဖင်လန်နိုင်ငံသည် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကူညီရာတွင် ပညာရေး၊ ကျန်းမာရေး နှင့် ကျား-မတန်းတူညီမှုရှိရေး ကဏ္ဍများတွင် ဦးစားပေး ကူညီထောက်ပံ့သွားရန်  စီစဉ်လျှက်ရှိသည်။

မဇ္ဈိမအယ်ဒီတာချုပ် ဦးစိုးမြင့်သည် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားမှုအရ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကိုတက်ရောက်ရန် မေလ၊ ၃ ရက်နေ့က ဟယ်လ်စင်ကီမြို့သို့   ရောက်ရှိနေခဲ့သည်။ ထိုသို့ရောက်ရှိစဉ်အတွင်း ဦးစိုးမြင့်က ဖင်လန်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စလန်နီတာတွိုင်ဗက်ကာ  နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို   ဖော်ပြပေးလိုက်ပါသည်။

မေး - ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး ၊ ကျားမ-တန်းတူညီမျှမှုရှိရေး နဲ့ အမျိုးသမီးအခွင့်အရေးကဏ္ဍတွေမှာ ဦးစားပေးကူညီသွားမယ်လို့ ပြောခဲ့တာတွေ့ပါတယ်။ ဒီတော့မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး မီဒီယာကဏ္ဍအတွက် သီးခြားအကူအညီတွေထောက်ပံ့ပေးသွားဖို့ရော ရှိပါသလား။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာလုပ်ငန်း ဟာ ထွန်းသစ်စအခြေအနေကိုရောက်ရှိနေပါတယ်။ အဲဒီအတွက် အစီအစဉ်တွေများ ရှိပါသလား ။

ဖြေ - လက်တလောမှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့မီဒီယာပေါ်ပေါက်ရေးအတွက် ကူညီမယ့် အဲဒီလိုအစီအစဉ်မျိုး ကျွန်မတို့မှာ မရှိသေးဘူးလို့ ထင်ပါတယ်။ ကျွန်မတို့မှာ ကွဲပြားခြားနားတဲ့အစီအစဉ်အမျိုးမျိုးတော့ရှိထားပါတယ်။ ပြီးတော့ ကျွန်မတို့ဘက်ကပေးမယ့်အကူအညီတွေဟာ မကြာသေးခင်နှစ်တွေတုန်းကပေးခဲ့တဲ့အကူအညီတွေထက် တိုးမြင့်လာမယ် လို့လည်း ကျွန်မသိထားပါတယ်။ ဒီတော့ ဖင်လန်နိုင်ငံက မြန်မာနိုင်ငံအတွက်ပေးတဲ့အကူအညီတွေဟာ ကဏ္ဍအမျိုးမျိုးမှာ တိုးမြင့်လာမှာပါ။ ကျွန်မတို့ အမှန်တကယ်အာရုံစိုက်သွားမည့် အဓိကကဏ္ဍတွေထဲမှာ မိတ်ဖက်နိုင်ငံတစ်ခုနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ့် အမျိုးသမီးအခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးကတော့ ပါဝင်နေပါတယ်။ ပြီးတော့ ပညာရေး၊ ပညာရေးအရည်အသွေး၊ သဘာဝရင်းမြစ်တွေကို ပိုမိုကောင်းမွန်တဲ့နည်းလမ်းနဲ့ စီမံခန့်ခွဲမှုနဲ့ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီတွေလည်း ပါဝင်ပါတယ်။

မေး - လက်ရှိမှာ အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်နေတာဆိုတော့ အခြားအဖွဲ့အစည်းတွေနဲ့ရော လက်တွဲပြီးလုပ်သွားဖို့ ရှိပါသလား။

ဖြေ - အစိုးရချင်းပူးပေါင်းဆောင်ရွက်တယ်ဆိုပေမယ့် တစ်ချိန်တည်းမှာ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေ သာမက၊ ဖင်လန် NGO တွေနဲ့လည်းလက်တွဲဆောင်ရွက်ပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးအစီအစဉ်မှာ အလွန်အရည်အသွေးမြင့်တဲ့ ဖင်လန်အဖွဲ့အစည်းတစ်ခုပါဝင်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ဟာ UNDP နဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမှာပါ။

မေး - ခင်ဗျားရဲ့အစိုးရက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီတွေပေးနေပါတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ပတ်သတ်လို့ ခင်ဗျားရဲ့အမြင်ကိုလည်း ပြောပေးပါဦး။

ဖြေ - လက်ရှိမှာ ကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ကျွန်မတို့ကူညီဖို့ ဆန္ဒရှိပါတယ်။ အစိုးရသစ်ကိုအကူအညီတွေ ပေးအပ်ဖို့နဲ့ တရားဥပဒေစိုးမိုးမှုအပေါ်လေးစားမှုရှိဖို့လည်းအတွက် ကူညီချင်ပါတယ်။ တရားဥပဒေစိုးမိုးမှု နဲ့ ဒီမိုကရေစီ ကိုလေးစားမှုရှိဖို့ဟာ ဖင်လန်နိုင်ငံအတွက် အလွန်အရေးပါတဲ့အရာတွေဖြစ်ပါတယ်။ ရှင်တို့ရဲ့တိုင်းပြည်မှာကျွန်မတို့ ကူညီဖော်ဆောင် ပေးသွားချင်တာလည်း အဲဒီကိစ္စတွေပဲလို့ ကျွန်မထင်ပါတယ်။ ပြီးတော့ရှင်တို့မှာ အခုရှိပြီးသား ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေပိုမိုအားကောင်းလာဖို့လည်း ကူညီပေးသွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုကိစ္စတွေ စတင်လုပ်ဆောင်ရတာ မလွယ်ကူဘူးဆိုတာနဲ့ ရှင်တို့အနေနဲ့ ထောက်ပံ့မှုတွေ၊ ကျွမ်းကျင်မှုတွေ၊   ဆောင်ရွက်ရမယ့်နည်းလမ်းတွေအတွက် လိုအပ်တာတွေရှိလိမ့်မယ်ဆိုတာ ကျွန်မတို့သိထားလို့ပါ။

မေး - ကျွန်တော်တို့မှာ မီဒီယာကဏ္ဍ နဲ့ ဖွံ့ဖြိုးရေးကဏ္ဍတွေမှာတောင် စွမ်းဆောင်ရည်ပျိုးထောင်မှုနဲ့ပတ်သတ်ပြီး အခက်အခဲကြီးကြီးမားမားရှိနေပါတယ်။ ဒီတော့ ဖင်လန်လိုနိုင်ငံတွေအနေနဲ့ ဒီလုပ်ငန်းစဉ်နဲ့ပတ်သတ်လို့ ဘယ်လို ကူညီထောက်ပံ့မှုမျိုးတွေ ပေးအပ်သွားဖို့ ရှိပါသလဲ။

ဖြေ - အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မတို့ ကောင်းမွန်တဲ့အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်နေပါတယ်။ အဲဒီလိုလုပ်ဆောင်နေ တဲ့ အဖွဲ့အစည်းတွေဟာ မတူညီတဲ့နိုင်ငံအမျိုးမျိုးမှာ အတွေ့အကြုံကောင်းကောင်းရှိထားတဲ့အဖွဲ့အစည်းတွေပါ။ သူတို့မှာ ရှင်တို့ရဲ့ ပညာရေးစနစ်ကိုမြှင့်တင်ပေးဖို့အတွက် နည်းလမ်းကောင်းတွေရှိပါတယ်။ ရှင်တို့နဲ့ပဲအတူတွဲပြီး ကိုက်ညီမယ့် နည်းလမ်းကို လုပ်သွားရမှာပေါ့။ ဖင်လန်နိုင်ငံမှာလုပ်ခဲ့တဲ့နည်းလမ်းတွေအတိုင်း ပုံစံတူတင်ပို့တာမျိုးတော့ ဘယ်ဟုတ်ပ မလဲ။ အဲဒီလိုလုပ်ရင် အလုပ်လည်းဖြစ်မှာမဟုတ်ပါဘူး။ ရှင်တို့ရဲ့ ပြည်သူတွေ၊ အစိုးရတို့နဲ့အတူလက်တွဲပြီး ကျွန်မတို့ ဆောင်ရွက်သွားရမှာပါ။ ဒီနည်းလမ်းက ဒီလိုပူးပေါင်းဆောင်ရွက်မှုမျိုးမှာ ဖင်လန်နိုင်ငံလုပ်ဆောင်တတ်တဲ့နည်းလမ်းပဲလို့ ကျွန်မထင်ပါတယ်။

မေး - မြန်မာနိုင်ငံကိုလာမယ့် ဖင်လန်ကုမ္ပဏီတွေက ဘာကိုအဓိကစိတ်ဝင်စားမယ်လို့ ဝန်ကြီးထင်ပါသလဲ။ ပြီးတော့ ဘယ်လိုကဏ္ဍမျိုးတွေကို ဝင်ရောက်ဖို့ လေ့လာစူးစမ်းသွားမယ်လို့ ထင်ပါသလဲ။

ဖြေ - စိတ်ဝင်စားမှုကတော့ ရှိပါတယ်။ ကျွန်မဒီနှစ်ထဲမှာပဲ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နဲ့အတူ လာဖို့ရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းစီမံကိန်းတွေဆီကို အရင်သွားရောက် လည်ပတ်ကြည့်ရှု့မှာမှန်ပေမယ့် အဲဒါပြီးရင် ရှင်တို့နိုင်ငံကို စီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နဲ့အတူ လာမှာပါ။ အဓိကစိတ်ဝင်စားတဲ့ကဏ္ဍတွေကတော့ Clean Techonology ၊ ပညာရေး တို့ဖြစ်နိုင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နဲ့ ဇီဝနည်းပညာ တို့လည်းပါဝင်ကောင်းပါဝင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်တို့ရဲ့တိုင်းပြည်မှာ ကြီးမားတဲ့ သဘာဝသံယံဇာတအရင်းအမြစ် ရှိနေလို့ပါ။ အဲဒီကဏ္ဍတွေက ရှင်တို့တိုင်းပြည်နဲ့ ပတ်သတ်ပြီး အလွန်စိတ်ဝင်စားစရာကောင်းတဲ့ကဏ္ဍတွေဖြစ်မယ်လို့ ကျွန်မထင်ပါတယ်။

ပြီးတော့လည်း တစ်ချိန်တည်းမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီပူးပေါင်းဆောင်ရွက်မှုဟာ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အတွက် အလွန်ကောင်းတဲ့အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ ရှင်တို့တိုင်းပြည်ကိုတည်ဆောက်တဲ့နေရာမှာ ကူညီပေး နိုင်မယ့် ဖင်လန်ကုမ္ပဏီတွေအများကြီးရှိတယ်လို့ ကျွန်မထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly