ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရခြင်းမှာ ထူးဆန်းအံ့သြဖွယ်ရာကောင်းသည့် ခံစားမှုဟု ရာနီရေရီဆို

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရခြင်းမှာ ထူးဆန်းအံ့သြဖွယ်ရာကောင်းသည့် ခံစားမှုဟု ရာနီရေရီဆို

မေ ၃၊ လက်စတာ ။            ။ လက်စတာအသင်းနည်းပြ ရာနီရေရီက အသင်း၏သမိုင်းတစ်လျှောက် သမိုင်းဝင်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရခြင်းမှာ ထူးဆန်းအံ့သြဖွယ်ရာကောင်းသည့် ခံစားမှုဟု ပြောဆိုလိုက်သည်။

ပွဲစဉ် ၃၆ လက်ကျန်ပွဲစဉ်အဖြစ် ကစားခဲ့သော ချယ်လ်ဆီးနှင့် စပါးတို့၏ ပွဲစဉ်တွင် ၂-၂ ဂိုးဖြင့် သရေကျခဲ့သည့်အတွက် ပြိုင်ပွဲပြီးရန် ၂ ပွဲလိုသေးသော်လည်း လက်စတာအသင်းမှာ ပရီးမီးယားလိဂ်ချိန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။

လက်စတာအသင်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လကမှ တာဝန်ယူခဲ့သော ရာနီရေရီက 'ကျွန်တော် အလွန်ကို ဂုဏ်ယူပါတယ်။ ကစားသမားတွေက တကယ်ကို အကောင်းဆုံးခြေစွမ်းပြခဲ့ကြတာပါ။ အာရုံစူးစိုက်မှုအပြည့်၊ ခိုင်မာတဲ့ဆုံးဖြတ်ချက်၊ စည်းလုံးညီညွတ်မှုနဲ့ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့ကြပါတယ်။

တကယ်ကို ထူးခြားပြီးအံ့သြဖွယ်ရာကောင်းတဲ့ ခံစားမှုပါပဲ။ လူတိုင်းအတွက် ကျွန်တော် တကယ်ကို ပျော်ပါတယ်' ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်ကမှ တန်းတက်လာခဲ့သည့် လက်စတာအသင်းသည် ၂၀၁၄-၁၅ ရာသီက အဆင့် ၁၇ နေရာဖြင့် အဆုံးသတ်ခဲ့ပြီး ယခုနှစ်ရာသီအစတွင် ချန်ပီယံဖြစ်နိုင်ချေ ၅၀၀၀ လေး ၁ လေးဖြင့် ဘွတ်ကီဒိုင်များက လောင်းကြေးဖွင့်ခဲ့သည့် အသင်းဖြစ်သည်။

'ကစားသမားတွေအတွက် ကျွန်တော် တကယ်ပျော်ပါတယ်။ ပြီးတော့ ဥက္ကဋ္ဌ၊ အသင်းရဲ့ ဝန်ထမ်းတွေ၊ အသင်းရဲ့ပရိသတ်အားလုံးအပြင် လက်စတာစီးတီးအသင်းနဲ့ ပတ်သက်ဆက်နွယ်သူ မှန်သမျှအတွက် တကယ်ကို ပျော်ပါတယ်' ဟု ရာနီရေရီက ဆိုသည်။

လက်စတာအသင်းခေါင်းဆောင် မော်ဂန်ကလည်း ဆုဖလားကိုင်မြှောက်ရန် မစောင့်နိုင်တော့ကြောင်း ပြောသည်။ 'ကျွန်တော့်ရဲ့လက်နဲ့ ဆုဖလားကြီးကို မြှောက်ဖို့ မစောင့်နိုင်တော့ပါဘူး။ လက်စတာအသင်းက ကစားသမားတွေအားလုံးက ညီအစ်ကိုတွေလိုပါပဲ။ ဒီလိုအသင်းစိတ်ဓာတ်မျိုးကို ကစားသမားဘဝမှာ တစ်ခါမှ မရဖူးပါဘူး' ဟု မော်ဂန်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly