မြန်မာနိုင်ငံကို အစွမ်းကုန်ထောက်ပံ့ကူညီသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံကို အစွမ်းကုန်ထောက်ပံ့ကူညီသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခိရှိဒါ(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၃ရက်)။ ။ လူထုထောက်ခံမှုကိုရယူပြီး သမိုင်းဝင်အာဏာလွှဲပြောင်းမှုကို ဆောင်ရွက်နိုင်ခဲ့သည့် အစိုးရသစ်အား လှိုက်လှဲစွာကြိုဆိုကြောင်းနှင့် မြန်မာ့ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဂျပန်အစိုးရနှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး မြန်မာနိုင်ငံအား အစွမ်းကုန် ထောက်ပံ့ကူညီသွားမည်ဟု ဂျပန်နိုင်ငံခြာေးရးဝန်ကြီး မစ္စတာ ခိရှိဒါက ပြောကြားလိုက်သည်။

"အစိုးရသစ် အလေးအနက်ထားဆောင်ရွက်နေတဲ့ အလုပ်အကိုင်ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေး၊ ဘဏ္ဍာရေး အစရှိတဲ့ ကဏ္ဍတွေမှာ အစွမ်းကုန် ထောက်ပံ့၊ ကူညီသွားမှာ ဖြစ်ပါတယ်" ဟု မစ္စတာ ခိရှိဒါက ပြောသည်။

အရပ်သားအစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ်ရောက်ရှိလာသူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် မေလ ၃ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံပွဲအပြီးတွင်ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"မြန်မာပြည်သူများနဲ့ ဂျပန်လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးခံစားနိုင်တဲ့ ရင်းနှီးမြုပ်နှံမှု ပတ်ဝန်းကျင်ကောင်းကိုလည်း အတူတကွ လက်တွဲတည်ဆောက်သွားမှာ ဖြစ်ပါတယ်" ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံမှုအပေါ် ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ဂျပန်နိုင်ငံသားများ၏ စေတနာကို အသိအမှတ်ပြုလုပ်သည်ဟုလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲအပြီးတွင်မူ ဂျပန်နိုင်ငံခြာေးရးဝန်ကြီး မစ္စတာ ခိရှိဒါက သမ္မတဦးထင်ကျော်နှင့်လည်း သွားရောက်တွေ့ဆုံခဲ့သေးသည်။

သမ္မတဦးထင်ကျော်နှင့် မစ္စတာ ခိရှိဒါတို့ တွေ့ဆုံရာတွင်  မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးမှု မိတ်ဘက်အဖြစ် ဆက်လက်ဆောင်ရွက်သွားရေး၊  မြန်မာနိုင်ငံ၏ ငွေကြေး ဈေးကွက်၊ ဘဏ္ဍာရေးဈေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းလာစေရေး၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်လုပ်ငန်းရှင်များ ဆက်လက် ရင်းနှီးမြှုပ်နှံရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးရေး၊ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ အရိုးရှာဖွေ ကောက်ယူခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊  နှစ်နိုင်ငံ ပြည်သူများအကြား အကျိုးစီးပွား မြှင့်တင်နိုင်ရေးအတွက် Japan-Myanmar Joint Initiative ဖွဲ့စည်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်ဟု သမ္မတရုံးက သတင်းထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags