တရုတ်သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဖွံ့ဖြိုးရေးတွင် ဂျပန် အကူအညီပေးရန် ဆန္ဒရှိ

တရုတ်သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဖွံ့ဖြိုးရေးတွင် ဂျပန် အကူအညီပေးရန် ဆန္ဒရှိ

တိုကျို၊ မေ ၃ ။          ။ ဂျပန်နိုင်ငံသည် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဒေသ နိုင်ငံများနှင့် အလုပ်အတူ လက်တွဲလုပ်ဆောင်လိုပြီး သုံးနှစ်တာအတွင်း ယင်းဒေသနိုင်ငံများ၏ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးအားကောင်းစေရန်အတွက် ယန်းငွေ ၇၅၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇ ဘီလီယံ) ကူညီပေးသွားရန် ဆန္ဒရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မေ ၁ ရက်က ပြောသည်။

သြဇာလွှမ်းမိုးနိုင်ရေးအတွက် တရုတ်နှင့် ယှဉ်ပြိုင်နေရသည့် ဂျပန်နိုင်ငံအနေဖြင့် ယင်းဒေသသို့ တစ်ပတ်ကြာ ခရီးအဖြစ် မေ ၁ ရက်က ဘန်ကောက်သို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမီယိုကီရှီဒါ စတင်ရောက်ရှိခဲ့ပြီး ယခုကဲ့သို့ ကတိပြုပြောကြားခြင်းဖြစ်သည်။

“ဂျပန်နိုင်ငံက မဲခေါင်ဒေသနိုင်ငံများနဲ့ လက်တွဲလုပ်ဆောင်လိုပါတယ်။ အသေးစိတ်လုပ်ထုံးလုပ်နည်းများနဲ့ မဲခေါင်နိုင်ငံများရဲ့ အားထုတ်ကြိုးစားမှုတွေကို ထောက်ပံ့ပေးဖို့ မူဘောင်ချမှတ်ပြီး ဒေသတစ်ခုမှ တစ်ခု အခြေခံနဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။”ဟု Chulalongkorn တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ကီရှီဒါက ပြောကြားခဲ့သည်။

အဆိုပါ သုံးနှစ်ကြာ ထောက်ပံ့ရေးအစီအစဉ်ကို ဂျပန်နိုင်ငံက ယမန်နှစ်က ကြေညာထားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကလည်း အရှေ့တောင်အာရှနိုင်ငံများသို့ အခြေခံအဆောက်အအုံချေးငွေနှင့် အစိုးရကူညီပေးရေးစီမံကိန်းများအတွက် ဒေါ်လာဘီလီယံများစွာ ကမ်းလှမ်းထားသည်။

ကီရှီဒါအနေဖြင့် မိန့်ခွန်းတွင် တရုတ်နိုင်ငံအကြောင်းနှင့် ပတ်သက်ပြီး ထည့်သွင်းပြောဆိုသွားခြင်းမရှိပေမယ့် တရုတ်နှင့် အပြိုင် မဲခေါင်ဒေသတွင် ဂျပန်၏ တည်ရှိမှုကို လိုလားကြောင်းကို မြင်တွေ့ရသည်။ ၎င်းအနေဖြင့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required