Vogue မဂ္ဂဇင်း၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် မျက်နှာဖုံး ဓာတ်ပုံရိုက်ခဲ့တဲ့ ကိတ်မစ်ဒယ်တန်

Vogue မဂ္ဂဇင်း၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် မျက်နှာဖုံး ဓာတ်ပုံရိုက်ခဲ့တဲ့ ကိတ်မစ်ဒယ်တန်

လန်ဒန်၊ မေ ၂ ။               ။ ကန်းဘရေ့ချ်မြို့စားကတော် ကိတ်မစ်ဒယ်တန်သည် ဗြိတိန်ဖက်ရှင်မဂ္ဂဇင်း Vogue မဂ္ဂဇင်း နှစ်တစ်ရာအပြည့် အထိမ်းအမှတ်အတွက်  မျက်နှာဖုံး ဓာတ်ပုံရိုက်ခဲ့သည်။

Vogue မဂ္ဂဇင်းသည် ဇွန်လထုတ် မဂ္ဂဇင်းမျက်နှာဖုံးကို ၎င်းတို့ဝက်ဆိုက်ဘ်တွင် ထုတ်လွှင့်ပြ သခဲ့ရာ ကိတ်သည် အစိမ်းရောင်ဦးထုပ်ကို ဝတ်ဆင်ထားပြီး အညှိရောင်ဂျာကင်နှင့် အဖြူရောင် ဘလောက်အင်္ကျီကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ ဇွန်လထုတ် Vogue မဂ္ဂဇင်းကို မေလ ၅ ရက်နေ့တွင် ရောင်းချသွားမည် ဖြစ်သည်။

နောက်ထပ် ဓာတ်ပုံတစ်ပုံတွင် ကိတ်သည် အနီနှင့် အနက်အစင်းကြား အင်္ကျီကို ဝတ်ဆင် ထားပြီး သစ်သားဖြင့် ပြုလုပ်ထားသော ခြံစည်းရိုးကို မှီထားသည့်ပုံကို တွေ့ရသည်။ ကိတ်၏ ဓာတ်ပုံနှစ်ပုံကို ဗြိတိန်ဓာတ်ပုံဆရာ ဂျိုးစ်အိုလင်စ်က ဇန်နဝါရီလက ရိုက်ပေးခဲ့ကြောင်းနှင့် ယင်းဓာတ်ပုံများကို Vogue မဂ္ဂဇင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် မေလတွင် လန်ဒန်မြို့ရှိ  National Portrait Gallery ၌ ကျင်းပပြုလုပ်မည့်ပွဲတွင် ပြသသွားမည် ဖြစ်သည်။

မင်းသားဝီလျံ၏ ကွယ်လွန်သွားပြီဖြစ်သူ မိခင်ဖြစ်သူ မင်းသမီးဒိုင်ယာနာသည် Vogue မဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ် မကြာခဏ ဖော်ပြခြင်းခံရသော်လည်း ကိတ်အတွက် ဖက်ရှင်မဂ္ဂဇင်မျက်နှားဖုံး တွင် ပထမဆုံးအကြိမ် ဖော်ပြခံရခြင်းဖြစ်သည်။ အယ်လီဇဘက်ဘုရင်မကြီးနှင့် အခြားသော တော်ဝင် မိသားစုဝင်များသည် မဂ္ဂဇင်းအတွင်း စာမျက်နှာတွင်သာ ပါဝင်ခဲ့ပြီး မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံခဲ့ရခြင်း မရှိပေ။

ဓာတ်ပုံရိုက်ကူးရာတွင် ကိတ်၏ အဝတ်အစားအပြင်အဆင်များကို ဗြိတိန်နိုင်ငံ၏ Burberry ဖက်ရှင်ကုမ္ပဏီနှင့် ပြင်သစ်အဝတ်အစား စတိုင်းဆိုင် Petit Bateau အပါအဝင် ဒီဇိုင်နာများက ရွေးချယ်ပေး ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly