မေ့သင့်သည်တော့ မဟုတ်ချေ

မေ့သင့်သည်တော့ မဟုတ်ချေ

၂၀၁၆ မေလ ၂ ရက် ၃ သုံးရက်နေ့တွင် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ကြရခြင်း ၈ နှစ်တင်းတင်း ပြည့်ပါပြီ။ ၂ ရက်အတွင်း လူ ၁ သိန်းကျော် သေကြေပျောက်ပျက်ရသည်အထိ ကြီးမားလှတဲ့ ဆုံးရှုံး ထိခိုက်မှုကြီး ဖြစ်ပါတယ်။ အိုးအိမ်လယ်ယာတွေ၊ ဆားချက်ကွင်းတွေ၊ စက်လှေတွေ အစရှိတဲ့ လူတို့ နေထိုင်ရပ်တည်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပစ္စည်းတွေ မခန့်မှန်း တတ်လောက် အောင် ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။  မြစ်ဝကျွန်ပေါ်ဒေသ သားချင်းများရဲ့ဘဝ ပြိုကွဲလဲကျခဲ့ရတဲ့ သဘာဝ ဘေးဥပါဒ်ဒဏ်ရာကြီးလည်း ဖြစ်ပါတယ်။

ဒီလို နာဂစ်မုန်တိုင်း ၈ နှစ်ပြည့်မှာ တွေ့ကြုံဖူးသမျှ ကြားခဲ့ဖူးသမျှ ပြန်လည်ပြောပြ ပြန်လည် ရေးကြတဲ့အခါ အဟောင်းက အသစ်ဖြစ်ရပြန်ပါတယ်။ ကြေကွဲတုန်လှုပ်ဖွယ် အဖြစ်အပျက်တွေ တန်းစီပြီး မြင်လာကြားလာကြရပြန်ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသ လူထု သန်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတဲ့အကြောင်း၊ မိဘမဲ့ကလေးတွေ ထောင်သောင်းချီ ဖြစ်လာရတဲ့အကြောင်း၊ မိသားစုလိုက် သေပွဲဝင်ကြရတဲ့အကြောင်း၊ ကျေးရွာတွေ မြေပုံပေါ်က ပျောက်ကွယ် ပြောင်းရွှေ့သွားကြရတဲ့အကြောင်း၊ နေ့ပေါင်း လပေါင်း နှစ်ပေါင်းများစွာ စိတ်ဒဏ်ရာတွေ ရခဲ့ကြရတဲ့အကြောင်း။ ပြန်လည်စဉ်းစားကြည့်ရင် ဘယ်လိုမှ ဖြေသိမ့်လို့မရနိုင် လောက်အောင် ပျက်စီးဆုံးရှုံးမှုက ကြီးလွန်းခဲ့ပါတယ်။

ဒီလိုဖြစ်ခဲ့တုန်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ တာဝန်မဲ့ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ လည်း ကြားခဲ့ကြရပါတယ်။ ဒီတုန်းက ထွက်ပေါ်လာခဲ့တဲ့ သတင်းတချို့ဟာ နားနဲ့ကြားရပေမယ့် မယုံကြည်နိုင်လောက်အောင် ထွက်ပေါ်ခဲ့တာတော့ အမှန်ပါပဲ။ ရုတ်တရက် လူတွေ နေစရာ စားစရာ ဝတ်စရာ မရှိတဲ့အခါ ကြံရာမရတဲ့အဆုံး ကားလမ်းတွေ ဘေးတက်လာကြပြီး တောင်းရမ်းစားသောက် ကြရတဲ့ကိစ္စ၊ ဒီကြားထဲ ဒီလို တောင်းရမ်းစားသောက်တာ တိုင်းပြည်သိက္ခာ ထိခိုက်တယ်ဆိုပြီး အတင်းအဓမ္မ မောင်နှင်ထုတ်ခဲ့တဲ့သတင်း၊ အစိုးရသတင်းစာတွေမှာ ပျက်စီးဆုံးရှုံးမှုသတင်းတွေကို အမှန်အတိုင်း မတင်ပဲ သတင်းတွေထိန်ချန်ပြီး အပရိကလောက်သာ ပျက်စီးတဲ့သဘော သတင်တွေ ဖေါ်ပြခဲ့ကြတယ်ဆိုတဲ့သတင်း၊ နိုင်ငံတကာ အကူအညီတွေ သွက်လက်မြန်ဆန်မှု မရှိရလေအောင် နည်းမျိုးစုံနဲ့ ဟန့်တားဖို့ ကြိုးစားခဲ့တဲ့သတင်း၊ အရပ်လည်းမကူနိုင် လူလည်းမဝိုင်းနိုင်လို့ မြင်မကောင်း အောင်ဖြစ်နေတဲ့ အလောင်းတွေကို စေတနာ့ဝန်ထမ်း ဆယ်ယူသဂြိုလ်ကြတဲ့ ပရဟိတသမားတွေ ဖမ်းဆီး ထောင်ချခံရတဲ့သတင်း၊ သဘာဝဘေးဥပါဒ်ဒဏ် ခံရတဲ့ ဒေသတွေဆီကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေ၊ ကယ်ဆယ်ရေးပစ္စည်တွေ အချိန်မီ အမြန်ရောက်ရှိရေး ဟန့်တားနှောက်ယှက်ခံကြရတဲ့ သတင်းနဲ့ လူထုသတင်းသမားများအဖို့ အကျဉ်းထောင်နဲ့ အသက်အန္တရယ်ကို ရင်ဆိုင်ပြီး သတင်းတွေ ယူခဲ့ကြရတယ်ဆိုတဲ့ သတင်းတွေလည်း နားမဆန့်အောင် ကြားခဲ့ကြရပါတယ်။

ဒါတွေကို ပြန်လည်ရေးကြ ပြန်လည်ပြောပြကြတဲ့အခါ တချို့ကတော့ ဒီလိုလုပ်တာ မကောင်း ဘူး၊ အနာဟောင်းကို ပြန်မဆွသင့်ဘူး၊ ရှေ့ဆက်သွားရမယ့်ခရီးကို နှောက်ယှက်ရာကျတယ် အစရှိသ ဖြင့် ထောက်ပြကြတာမျိုးတွေလည်း ရှိပါတယ်။

တကယ်တော့ ဒီလို အဖြစ်အပျက်တွေကို ပြန်လည်ပြောပြကြတယ်ဆိုတာ နာကျည်းမှုတွေကို အပ်နဲ့ပြန်ဆွပြီး နောက်ကြောင်းပြန်တဲ့သဘော မဟုတ်ပါဘူး။ နာဂစ်ပြဿနာကို ခုတုံးလုပ်ပြီး အမျိုး သားရင်ကြားစေ့ရေးကို ပျက်ပြားအောင် ရည်ရွယ်ချက်နဲ့ ပြန်လည်ပြောဆိုကြတာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ နောက်ကြောင်း မပြန်သင့်တာမှန်ပေမယ့် သမိုင်းကို မေ့လို့ မဖြစ်ပါဘူး။ ဘာပြုလို့ လည်းဆိုတော့ နောက်ထပ် ဒီလို ဘေးဥပါဒ်အန္တရယ်ဆိုကြီးတွေ ဖြစ်မလာရလေအောင် ဘယ်လိုကာ ကွယ်ရမလည်းဆိုတဲ့ ပြင်ဆင်မှုတွေ၊ တာဝန်မဲ့ခဲ့ကြတယ်ဆိုရင်လည်း ဒီလိုအလားတူ ပြဿနာတွေမှာ တာန်မဲ့သူတွေ ထပ်ပြီးမဖြစ်ကြရလေအောင် သင်ခန်းစာယူဖို့ ရည်ရွယ်ချက်နဲ့ မလွဲမသွေ ပြန်လည် ပြောပြ ပြန်လည် သုံးသပ်ကြရမှာကတော့ အသေအချာပါပဲ။

မှန်ပါတယ်။ ပြီးခဲ့တာတွေတော့ ပြီးသွားပြီ။ ဒါတွေတော့ ထားခဲ့ကြတော့။ ရှေ့ဘယ်လို ဆက်လက် လုပ်ကြမလဲဆိုတာကိုပဲ ဦးစားပေးပါဆိုတာ ယေဘုယျအားဖြင့် မှန်ပေမယ့် ကျနော်တို့ဟာ သမိုင်းက သင်ခန်းစာမယူပဲ မျက်ကန်းတစ္ဆေမကြောက် ရှေ့ကို အတင်းတိုးလို့ မရပါဘူး။

ကျနော်တို့တိုင်းပြည် လက်ရှိ တာဝန်ရှိသူများ၊ မိမိတို့ပြည်သူများ။ အသိအပညာရှင် အတတ်ပ ညာရှင်များ နာဂစ်သင်ခန်းစာ မှန်မှန်ကန်ကန် ယူနိုင်ကြဖို့တော့ လိုအပ်ကြောင်း မဇ္ဈိမက တိုက်တွန်း လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly