မြန်မာနို်င်ငံ နှင့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့

မြန်မာနို်င်ငံ နှင့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့

လက်တလောတွေ့မြင်ရသလောက် အခြေအနေများအရ မြန်မာနိုင်ငံအနေဖြင့် စာနယ်ဇင်းသမားများကို ဖမ်းဆီးထောင်ချ မှုများကို အတိတ်စာမျက်နှာများအဖြစ် ထားရစ်ခဲ့တော့မည်ဟု ယူဆရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် - ဦးထင်ကျော် ဦးဆောင်သည့် မြန်မာအစိုးရသစ်သည် ၎င်း၏ပထမဆုံးလုပ်ဆောင်ချက်များထဲမှတစ်ခုအဖြစ်နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်က ဖမ်းဆီးထားခဲ့သော စာနယ်ဇင်းသမားအချို့ကို လွှတ်ပေးခဲ့သည်။

သို့သော်လည်း စာနယ်ဇင်းသမားများကို ဖမ်းဆီးထောင်ချနိုင်သည့် ဥပဒေများမှာ တည်ရှိနေဆဲဖြစ်ရာ အလျှင်စလိုကောက် ချက်ချ၍မဖြစ်နိုင်သေးသည့် အခြေအနေတွင်လည်း ရှိနေသည်။

 

မေလ၊ ၃ ရက်နေ့တွင် UNESCO ကဦးဆောင်ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို မြန်မာနိုင်ငံတွင်လည်း ကျင်းပသွားမည်ဖြစ်သည်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကို အခြေခံစာနယ်ဇင်းလွတ်လပ်ခွင့် သဘောတရားများဖြစ်သည့် ကမ္ဘာတဝမ်းရှိစာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေကိုအကဲဖြတ်ရန်၊ မီဒီယာများ တိုက်ခိုက်ခံရမှုများကို ကာကွယ်ရန် နှင့် တာဝန်ထမ်းဆောင်ရင်း အသက်စွန့်သွားရသည့် စာနယ်ဇင်းသမားများကို ဂုဏ်ပြုရန် တို့အတွက် ကျင်းပခြင်းဖြစ်သည်။

 

ယခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကို သတင်းအချက်အလက်လွတ်လပ်ခွင့် နှင့် ဖွံ့ဖြိုးမှုကိုဆက်လက်ထိန်းသိမ်းရန်၊ သတင်းလွတ်လပ်ခွင့်ကို ဆင်ဆာပိတ်ဆို့မှုများမှ ကင်းလွတ်အောင် ကာကွယ်ရန်နှင့် စာနယ်ဇင်းသမားများ အင်တာနက်ပေါ်တွင်ရော၊ ပြင်ပတွင်ပါ လုံခြုံမှုရှိစေရန် တို့အပေါ်အဓိကထားသည့် သတင်းအချက် အလက်ရရှိပိုင်ခွင့်နှင့် အခြေခံလွတ်လပ်ခွင့်များ ဟူသည့်ခေါင်းစဉ်အောက်တွင်ကျင်းပသွားမည် ဖြစ်သည်။ ယခုနှစ်တွင် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကို နိုင်ငံပေါင်း ၁၀၀ ကျော်၌ ကျင်းပသွားမည်လည်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအဓိကအထိမ်းအမှတ်ပွဲကိုမူ ယူနက်စကိုက ကြီးမှူးပြီး နှစ်စဉ်မတူညီသော အဓိကရည်ရွယ်ရင်း ခေါင်းစဉ်တစ်ရပ်သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံတစ်ခုခု၌ စုဝေးကျင်းပလေ့ရှိသည်။

 

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ၁၉၉၁ ခုနှစ် ယူနက်စကိုအထွေထွေညီလာခံ တွင်ချမှတ်ခဲ့သည့် အကြံပြုချက်တစ်ရပ် ပေါ်တွင် အခြေခံပြီး ၁၉၉၃ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေညီလာခံတွင် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂသည် ၁၉၉၁ခုနှစ်က  မီဒီယာလွတ်လပ်ရေးနှင့် မတူကွဲပြားစွာယှဉ်တွဲနေထိုင် ရေးနှင့်စပ်လျဉ်းပြီး အာဖရိကစာနယ်ဇင်းသမားများ ထုတ်ပြန်သည့် ဝင်းဟုတ်ခ်ကြေညာချက်အပေါ်တုံ့ပြန်သည့်အနေဖြင့် ထိုကဲ့သို့ သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုနှစ်တွင် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အဓိကအခမ်းအနားကို ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီမြို့တွင် မေလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လက်တလော၌ ထောင်ချခံထားရသော စာနယ်ဇင်းသမားများလွတ်မြောက်လာမှုနှင့်ပတ်သတ်ပြီး ဝမ်းသာပီတိဖြစ်နေကြရသည်မှာမှန်သော်လည်း စာနယ်ဇင်းသမားများနှင့် မီဒီယာအဖွဲ့အစည်းများအနေဖြင့် အပြောင်းအလဲဖြစ်စဉ်အတွင်းတွင်ရှိနေသေးသော နိုင်ငံအတွင်းတွင် သတိဝီရိယဖြင့်နေနေရဆဲဖြစ်ကာ လွတ်လပ်မျှတစွာ သတင်းတင်ပြခွင့်ရရေးကိုကာကွယ်သွားရန်လည်း လိုအပ်နေဆဲဖြစ်သည်။ လက်ရှိမြန်မာအစိုးရသည် ပိုမို၍ဒီမိုကရေစီနည်းကျသော အစိုးရတစ်ရပ် ဖြစ်သဖြင့်  ယခင်အစိုးရကဲ့သို့ စာနယ်ဇင်းသမားများကို ထောင်သွင်းအကျဉ်း ချမှုများ အလွယ်တကူပြုလုပ်လိမ့်မည်မဟုတ်ဘဲ ကြောက်ရွံ့နေရခြင်းမှလွတ်မြောက်ရေး ကိုလည်းမြှင့်တင်ဆောင်ရွက် သွားမည်ကိုမူ ယုံမှားဖွယ်ရာမရှိချေ။ သို့သော်လည်း ဥပဒေဟောင်းများက တည်ရှိနေဆဲဖြစ်ရာ ပိုမို၍မျှတသော မီဒီယာ နယ်ပယ်တစ်ရပ်ပေါ်ထွန်းလာရေးအတွက်တောင်းဆိုမှုများ၊ ဖိအားပေးမှုများလုပ်ဆောင်ရန်အရေးတကြီးလိုအပ်နေဆဲ ဖြစ်သည်။ ထို့ပြင် တိုက်ပွဲများဖြစ်ပွားနေသော မြန်မာနိုင်ငံအစွန်အဖျားဒေသများသို့ သတင်းသွားရောက်ရယူသည့် သတင်းသမားများအတွက် အန္တရာယ်များပြားနေသေးသည်မှာလည်း ပြဿနာတစ်ရပ်အဖြစ်ကျန်ရှိနေဆဲဖြစ်သည်။

 

ထို့ပြင် မြန်မာပြည်တွင်းမီဒီယာများအနေဖြင့် မိမိဘာသာဆင်ဆာဖြတ်တောက်မှု နှင့် အကဲဆတ်သော အရေးကိစ္စများကို တင်ပြရာတွင် အကြောက်တရားကြီးမားနေသေးမှုများကို အဆုံးသတ်ရန်မှာလည်း ခက်ခဲနေဆဲဖြစ်သည်။ မီဒီယာများတွင် ရေးသားဖော်ပြမှုများက ၎င်းတို့ကို အသရေဖျက်ရာကျသည်ဟုယူဆပြီး မကျေနပ်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ညှိနှိုင်းဖြေရှင်းပေးမည့် ကြားခံအဖွဲ့အစည်းတစ်ရပ်ရှိရမည့်အစား ဥပဒေကြောင်းအရ အလွယ်တကူတရားစွဲဆိုနိုင် နေခြင်းမှာလည်း ထိုကဲ့သို့ မိမိဘာသာဆင်ဆာဖြတ်တောက်မှုများ ဖြစ်စေသည့် အကြောင်းအရင်းတစ်ခု ဖြစ်လျှက်ရှိသည်။ မျှမျှတတပြောရမည်ဆိုလျှင် မီဒီယာများဘက်ကလည်း ကျင့်ဝတ်နှင့်အညီ သတင်းရယူခြင်းများ၊ တင်ပြခြင်းများ လုပ်ဆောင် နိုင်ရန်အတွက် လေ့လာမှုများ၊ သင်ကြားမှုများ ပိုမိုလုပ်ဆောင်ရန်လိုအပ်လျှက်ရှိနေဆဲဖြစ်သည်။

 

ရှေ့ခရီးသို့လျှောက်လှမ်းရာတွင် မြန်မာ့မီဒီယာအနေဖြင့် တိုင်းပြည်၏ ထူးခြားလှသောအပြောင်းအလဲဖြစ်စဉ်ကို ထိထိရောက်ရောက် မှတ်တမ်းတင်နိုင်ရန်အတွက် သတင်းတင်ပြမှု၊ရေးသားမှုအရည်အသွေးကောင်းမွန်လာရန် နှင့် မျှတမှုှရှိရန် အပြင်းအထန်ကြိုးစားသွားရန်လည်း လိုအပ်လျှက်ရှိသည်။ မြင့်မားသည့်စံနှုန်းများကို  ထိန်းသိမ်းထားနိုင်ခြင်းကသာ မီဒီယာလောကအနေဖြင့် သတင်းတင်ပြရာ၌ လွတ်လပ်ပြီး၊တရားမျှတမှုကို တောင်းဆိုနိုင်မည် ဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly