RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွား

RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွား

ချင်းမိုင်၊ မေ ၂ ။            ။ ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်နပ်မတော် (RCSS/SSA) တို့အကြား မေလ ၁ ရက်က ပြင်းပြင်းထန်ထန် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

မေလ ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းဝီးမြို့နယ် ဆိုင်းလိန်ကျေးရွာအနောက်ဘက်ရှိ RCSS/SSA တပ်ဖွဲ့အား TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရသည်ဟု RCSS/SSA ဒုဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသည်။

“တအာင်းတပ်က ကျွန်တော်တို့ကို ပြန်ပြီးတော့ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ မိုင်းဝီးမြို့နယ်မှာပါ။ မနက် ၈ နာရီ ၄၅ မိနစ်ကစပြီးတော့ မိုင်းဝီးမြို့နယ် ဆိုင်းလိန်ကျေးရွာအုပ်စု ဆိုင်းလိန်ရဲ့ အနောက်ဘက်မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ တစ်ဖွဲ့ကို TNLA က စစ်ကြောင်း နှစ်ကြောင်းနဲ့ နှစ်ဖက် ညှပ်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ မွန်းလွဲပိုင်းထိလဲ တိုက်ပွဲ ဖြစ်တယ်လို့ ကြားသိနေရပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုတိုက်ပွဲသည် TNLA ဘက်မှ ၆၀ မမ လက်နက်ကြီးဖြစ် တိုက်ခိုက်ဖြစ်ခတ်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် စီမံချက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း သူက ပြောသည်။

“ကျွန်တော်တို့ ဘက်ကတော့ တွေ့ဆုံဆွေးနွေးရေးအတွက် ကမ်းလှမ်းထားတဲ့အခြေအနေမှာ ရှိတယ်။ ဒီကြားထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ လိုလားသလို၊ TNLA ကို ရန်သူအနေနဲ့ မထားဘူးဆိုတဲ့အတွက်ကြောင့် တွေ့ဆုံဆွေးနွေးမှုကို လက်ခံတယ်။ ကျ်တို့ကော်မတီလည်း ဖွ့ဲထားပြီးသားဖြစ်ပါတယ်”ဟု သူက ပြောသည်။

ယနေ့ မေလ ၁ ရက်တွင် မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်အတွင်း တိုက်ပွဲ သုံးနေရာဖြစ်ပွားခဲ့ပြီး မန်တုံမြို့နယ် ဆိုင်းလိန် ကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် နံနက် ၈ နာရီခွဲမှာ ညနေ မိုးချုပ်သည်အထိ ဖြစ်ပွားခဲ့ပြီး နမ့်ခမ်းမြို့နယ် လွယ်ဟောမ် ကျေးရွာ အနီးဖြစ်ပွားသော တိုက်ပွဲသည် မွန်းလွဲ တစ်နာရီတွင် နာရီဝက်ကြာ ဖြစ်ပွားခဲ့ပြီး၊ မိုင်းဝီးကျေးရွာ အနီးဖြစ်ပွားသော တိုက်ပွဲသည် နံနက် ၁၁ နာရီမှ ညနေ ၇ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“ဒီမနက် ၈ နာရီခွဲကျော်လောက်က စတာ မိုင်းတုံမြို့နယ်မြို့နယ် ဆိုင်းလိန်အထက်မှာ ဖြစ်တယ်။ ၂၀၁၅ နိုဝင်ဘာလ တတိယပတ်မှ တိုက်ပွဲစဖြစ်တယ်။ အဲဒီမှာ မြန်မာ့တပ်မတော်က ကြားကနေ ဝင်ရှင်းတော့ ထိုးစစ်တော်တော်များတယ်။ ကျွန်တော်တို့လည်း အဲဒီ နယ်မြေမှာ ရှောင်သွားတယ်။ အဲဒီမှာ တိုက်ပွဲ ငြိမ်သွားတယ်။ နောက်ပိုင်းမှာ RCSS က ပြန်မသွားဘူး။ ကျနော်တို့ လှုပ်ရှားနယ်မြေမှာ စခန်းအခိုင်အမာဆောက်လုပ်ပြီး လှုပ်ရှားမှု ပိုမို ပြုလုပ်လာတာရှိတယ်တယ်။ အဲဒါကြောင့်မို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ၃ နေရာဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားသော နယ်မြေများတွင် ယခင်က RCSS အခြေချခြင်းမရှိသော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က NCA လက်မှတ်ရေးထိုးပြီးနောက် ၎င်းတို့ နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ဧပြီလ ၂၃ ရက်ကလည်း UNFC နှင့် ဝ ပြည်သွေးစည်းညွတ်ရေးပါတီ (UWSP)တို့ကိုလည်း တိုက်ပွဲဖြစ်ပွားမှုအား ညှိနှိုင်းပေးရန်အတွက် စာရေးသားပေးပို့ ထားသည်ဟု ဒုဗိုလ်မှူးကြီး စိုင်မိဏ်းက မဇ္ဈိမကို ပြောသည်။

“UWSA ကလည်း အကျိုးဆောင်ပေးမယ်ဆိုတဲ့ စေတနာမျိုးရှိတဲ့ ပုံစံမျိုးရှိတယ်ဆိုတာ ကြားသိရတယ်။ ဒါကြောင့် ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးအတွက် သူတို့ အကျုးိဆောင်ပေးမယ်ဆိုရင်လည်း ကျနော်တို့ကတော့ လက်ကမ်းကြိုဆိုပါကြောင်း ပြန်ပြီး အကြောင်းကြားထားတာ ဖြစ်ပါတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်မိဏ်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီနောက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကြားဝင် ညှိနှိုင်းပေးရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)က ကြားဝင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ယခုထိ နေရာနှင့် အချိန်ကို ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သိရသည်။

၎င်းတို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော ထောင်နှင့်ချီသည့် စစ်ပြေးဒုက္ခသည်များမှာ  ယခုထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။

 TNLA  သည် အခြားလက်နက်ကိုင် တိုင်းရင်းသားများနှင့်အတ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း( NCA )တွင် ယခင်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သော်လည်း အစိုးရဘက်မှ လက်မခံခဲ့သည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required