မန်စီးတီးနှင့် ချန်ပီယံလိဂ်ဆီမီး ဒုတိယအကျော့ မတိုင်မီ စီရော်နယ်ဒို လေ့ကျင့်ခန်းပြန်ဆင်းပြီ

မန်စီးတီးနှင့် ချန်ပီယံလိဂ်ဆီမီး ဒုတိယအကျော့ မတိုင်မီ စီရော်နယ်ဒို လေ့ကျင့်ခန်းပြန်ဆင်းပြီ

မေ ၂၊ မက်ဒရစ် ။              ။ ရီးယဲလ်အသင်း၏ အဓိက တိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် မန်စီးတီးနှင့် ကစားရမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ပေါင်ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး အသင်းဖော်များနှင့် လေ့ကျင့်ခန်း ပြုလုပ်နေပြီ ဖြစ်သည်။

ရီးယဲလ်အသင်းက ဗီလာရီးယဲလ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့ပြီး ပွဲမပြီးဆုံးမီ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သော စီရော်နယ်ဒိုသည် မန်စီးတီးနှင့် ဂိုးမရှိသရေကျခဲ့သည့် ချန်ပီယံလိဂ်ဆီမီးပထမအကျော့အပါအဝင် ပွဲစဉ်သုံးပွဲကို လွဲချော်ခဲ့သည်။

စီရော်နယ်ဒိုသည် ကိုယ်ပိုင်လေ့ကျင့်ခန်းများမပြုလုပ်မီ အသင်းဖော်များနှင့် ပထမပိုင်း လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် ယခုနှစ်ရာသီတွင် ရီးယဲလ်အသင်းအတွက် လာလီဂါပွဲစဉ်တိုင်းကို ပါဝင်ကစားပေးခဲ့ပြီး ၃၁ ဂိုးသွင်းယူနိုင်ခဲ့သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ၁၀ ပွဲကစားကာ ၁၆ ဂိုးအထိသွင်းယူပြီး ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသူ ဖြစ်သည်။

မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ရီးယဲလ်နှင့် မန်စီးတီး နှစ်သင်းစလုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ရောက်ရန် အခွင့်အရေးအတူတူ ရှိနေပြီး ထိပ်သီးကစားသမားများ၏ စွမ်းဆောင်ရည်အပေါ်တွင်သာ မူတည်နေကြောင်း ပြောဆိုထားသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required