မြန်မာအသင်းနှင့် ခြေစမ်းပွဲကစားရန်အတွက် ကာတာ၊ တရုတ်အသင်းများနှင့်ညှိုနှိုင်းနေ

မြန်မာအသင်းနှင့် ခြေစမ်းပွဲကစားရန်အတွက် ကာတာ၊ တရုတ်အသင်းများနှင့်ညှိုနှိုင်းနေ
မြန်မာအသင်းနှင့် အာရှထိပ်သီးအသင်းတစ်သင်းဖြစ်သော ယူအေအီးအသင်းတို့ခြေစမ်းပွဲကစားနေစဉ်။(ဓာတ်ပုံ- MFF)

မေ ၁၊ ရန်ကုန်။            ။ ၂၀၁၆အာဆီယံဆူဇူကီးချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ မြန်မာအသင်း နောက်ဆုံးကစားမည့်ခြေစမ်းပွဲအတွက် ကာတာ၊ တရုတ်အသင်းများကိုဖိတ်ခေါ်ရန်ညှိုနှိုင်းနေသည်။

ယင်းခြေစမ်းပွဲကို မြန်မာအသင်းစက်တင်ဘာလအတွင်းသွားရောက်မည့် ဥရောပခရီးစဉ်အပြီး အောက်တိုဘာလအတွင်းမြန်မာနိုင်ငံတွင်ကစားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယင်းခြေစမ်းပွဲအတွက် မူလက ဘာရိန်းအသင်းကို ဖိတ်ကြားခဲ့သော်လည်း ပျက်ပြယ်ခဲ့သဖြင့် နည်းပြ ဂတ်ဇီဆီ၏ တောင်းဆိုချက်အရ ကာတာ(သို့) တရုတ်အသင်းနှင့်ခြေစမ်းခွင့်ရရန် ညှိုနှိုင်းနေခြင်းဖြစ်သည်။

ဘာရိန်းနဲ့ခြေစမ်းပွဲပျက်ခဲ့လို့ ကျွန်တော်တို့ အခြားအသင်းတွေနဲ့ညှိုနေပါတယ်။ ဥရောပကပြန်လာပြီး အသင်းအခြေအနေကို ပြန်စမ်းသပ်မယ့်ပွဲဖြစ်တာကြောင့် အာရှအင်အားကြီးအသင်းတွေနဲ့ပဲ   ခြေစမ်းကစား ချင်ပါတယ်။ အသင်းခြေစွမ်းက လက်ရှိအချိန်မှာ ထိုင်းကိုမနိုင်နိုင်ပေမယ့် ဥရောပခရီးစဉ်က ပြန်လာပြီးရင်တော့ ထိုင်းကိုအနိုင်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ”ဟု ဂတ်ဇီဆီဖရိုင်းဒရစ်ကပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ဥရောပခရီးစဉ်အတွင်း ဂျာမနီနိုင်ငံတွင် အခြေစိုက်လေ့ကျင့်မည်ဖြစ်ပြီး နယ်သာလန်နိုင်ငံသို့သွားရောက်ကာ ကလပ်အသင်းအချို့နှင့်   ခြေစမ်းခွင့်ရရန် အတွက်လည်း ကြိုးစားနေသည်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် ၂၀၀၅ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ နိုင်ပွဲ ၁ပွဲသာရရှိထားသော်လည်း ၂၀၁၆ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly