လယ်ဝေးမြို့နယ်တွင် လေပြင်းတိုက်ပြီး အိမ်ခြေ ၄၀ကျော် ပျက်စီး

လယ်ဝေးမြို့နယ်တွင် လေပြင်းတိုက်ပြီး အိမ်ခြေ ၄၀ကျော် ပျက်စီး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်တွင် ဧပြီလ ၃၀ရက်၊ ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသီးများကျမှုကြောင့် အိမ်ခြေစုစုပေါင်း ၄၀၀ကျော်ရှိသော ဂုံးတောင်ကျေးရွာတွင် အိမ်ခြေ ၄၀ကျော်မှာ အမိုး၊ အကာများ ပျက်စီးသွားခဲ့ရသည်။

အဆိုပါ ကျေးရွာအတွင်းရှိ အိမ်ခြေ ၄၂လုံး၊ ကျေးလက်ဆေးပေးခန်း ၁ခု၊ စာသင်ကျောင်းဆောင် ၂ဆောင်နှင့် ဓမ္မာရုံ ၁ခုတို့မှာ လေးပြင်းတိုက်ခတ်ပြီး အမိုး၊ အကာများ ပျက်စီးသွားခြင်းဖြစ်သည်။

“သက်ကယ်မိုးက ၉အိမ်ပါတယ်၊ ကျန်တာကတော့ သွပ်မိုးတွေပါပဲ။ လေသံက ဝေါဝေါဝေါနဲ့ မိုးသီးတွေပါ ကျလာတာလေ။ အဲ့တာနဲ့ လေငြိမ်မှ လူတွေအပြင်ထွက်ကြည့်ကျတော့ ဟိုလူ့အိမ်က အမိုးမရှိ၊ ဒီလူ့အိမ်က အကာမရှိနဲ့ ဖြစ်သွားတာပါပဲ” ဟု ဂုံးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောပြသည်။

“လေဝှေ့တိုက်လာပြီး သွပ်တွေက ‘ဝုန်း’ဆို ပါသွားတော့ အစ်မရော၊ ကလေးပါ အမေ့အိမ်ကို ပြေးရတာပေါ့။ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့၊ မရှိမဲ့၊ ရှိမဲ့လေး ပြင်ဆင်ထားရတာ” ဟု လေတိုက်ပြီး လွှင့်စင်သွားသော အိမ်အမိုးသွပ်ပြားများကို လိုက်ကောက်ရင်း မကြည်ခိုင်က မဇ္ဈိမကို ပြောသည်။

သူမ၏ အိမ်မှာ လွန်ခဲ့သည့် နှစ်ပတ်ကျော်က သွပ်အမိုးများ မိုးထားခြင်းဖြစ်ပြီး ကုန်ကျစရိတ် လေးသိန်းခန့်ရှိသည်ဟု မကြည်ခိုင်က ဆိုသည်။

အဆိုပါ ကျေးရွာသို့ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးဇော်ဦးက မေလ ၁ရက်နေ့ နံနက်ပိုင်းတွင် သွားကြည့်ရှုခဲ့ပြီး အဖြစ်အပျက်များအား သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးသို့ ဆက်လက်တင်ပြသွးမည်ဟု ၎င်းက ပြောသည်။

“အိမ်ခြေ ၄၂အိမ်လောက်က ပျက်စီးသွားတယ်လေ။ နှစ်ဆယ်ကျော်လောက်က ပြင်းထန်တယ်ပေါ့။ နှစ်ဆယ်လောက်ကတော့ သာမန်ပျက်စီးသွားတာ။ အဲ့ဒါကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီဥက္ကဌကို ကျွန်တော်လှမ်းပြီး အကြောင်းကြားပြီးပါပြီ။ သက်ဆိုင်ရာက ပြည်သူတွေရဲ့နစ်နာမှုကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့အတွက် လွှတ်တော်ရော၊ အထွေထွေအုပ်ချုပ်ရေးပိုင်းရော ကွင်းဆင်းကြည့်ပြီးတော့မှ သက်ဆိုင်ရာဝန်ကြီးဌာနကို ဆက်လက်ပြီး သတင်းပို့သွားမှာပါ” ဟု ဦးမျိုးဇော်ဦးက ပြောသည်။

ဧပြီလ ၃၀ရက်၊ ညနေ ၅နာရီခွဲကစပြီး လေပြင်းများတိုက်ခတ်မှုကြောင့် နေပြည်တော်ရှိ လယ်ဝေးမြို့နယ်အပါအဝင် ရမည်းသင်းမြို့နယ်တွင် လူနေအိမ်များ အများအပြားပျက်စီးခဲ့ရသည်။ ရမည်းသင်းမြို့နယ်တွင်မူ လူနေအိမ်များပျက်စီးမှုအပြင် လူတစ်ဦးသေဆုံးကာ ၁၁ဦးမှာမူ ဒဏ်ရာရရှိမှုကြောင့် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly