လွှတ်တော်ကို ဝင်စီးခဲ့သည့် ရှီးယိုက်ဆန္ဒပြသူများကို ဖမ်းဆီးရန် အီရတ်ဝန်ကြီးချုပ် အမိန့်ထုတ်

လွှတ်တော်ကို ဝင်စီးခဲ့သည့် ရှီးယိုက်ဆန္ဒပြသူများကို ဖမ်းဆီးရန် အီရတ်ဝန်ကြီးချုပ် အမိန့်ထုတ်

ဘဂ္ဂဒက်၊ မေ ၁ ။             ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဧပြီ ၃၀ ရက်က လွှတ်တော်ကို ဝင်စီးသည့် ရှီးယိုက်မွတ်စလင်တက်ကြွလှုပ်ရှားသည့် ဆန္ဒပြသူများကို ဖမ်းဆီးရန် ဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်သည်။

အစိုးရကက်ဘိနက်သစ် အတည်ပြုခြင်းနှင့် ပတ်သက်ပြီး ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည့် အခြေအနေကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြပွဲဖြစ်ပွားခြင်းဖြစ်ကာ ဘာသာရေးခေါင်းဆောင် မို့ကာတာဆားကို ထောက်ခံသူများက လွှတ်တော်အဆောက်အအုံအတားအဆီးများကို ဖြိုဖျက်ကျော်လွှားပြီး လွှတ်တော်တွင်းသို့ ဝင်စီးကြခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဟိုင်ဒါအဘာဒီက ရဲများအား တိုက်ခိုက်သူများနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးသူများကို ဖမ်းဆီးထိန်းသိမ်းသင့်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါ ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ဘဂ္ဂဒက်တွင် အရေးပေါ်အခြေအနေကြေညာထားသည်။

အမေရိကန်သံရုံးအနားရှိ လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ ဖောက်ခွဲခဲ့ရသည်။ လွှတ်တော်အမတ်များ စီးနင်းသည့်ကားများကို ပစ်ပေါက်ခြင်းများလည်းရှိ၍ ဆန္ဒပြမှုက အကြမ်းဖက်တိုက်ခိုက်မှုအသွင်လည်း ရှိခဲ့သည်။

ပါလီမန်အဆောက်အအုံအား ဝင်စီးပြီးနောက် ဆန္ဒပြသူများက အပြင်ဖက်တွင် စခန်းများ ဆောက်ကာ နေခဲ့ပြီး အများစုက နောက်တစ်နေ့ မေ ၁ ရက်အထိ ဆက်လက်ရှိနေခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် အဘာဒီအနေဖြင့် ဘက်မလိုက်သော ကြားနေပညာရှင်များကို ဝန်ကြီးများနေရာတွင် အစားထိုးခန့်အပ်ရန် ဘာသာရေးခေါင်းဆောင် မို့ကာတာဆားက လိုလားနေခြင်းဖြစ်သည်။

လွှတ်တော်တွင်း အင်အားကြီးပါတီများက အစိုးရ၏ ကက်ဘိနက်ဝန်ကြီးအဖွဲ့အပြောင်းအလဲ လုပ်ခြင်းအပေါ် မထောက်ခံဘဲ ကန့်ကွက်ထားသည်။

ယခုသီတင်းပတ်အစောပိုင်းက ဘဂ္ဂဒက်ရှိ လုံခြုံရေးအထူးနယ်ဖြစ်သော သံရုံးများနှင့် အစိုးရရုံးများ ရုံးစိုက်ရာ Green Zone သို့ ပြည်သူထောင်ပေါင်းများစွာက ချီတက်ကာ နိုင်ငံရေးလိပ်ခဲတည်းလည်းဖြစ်နေသည့် အခြေအနေအပေါ် ဆန္ဒပြသကြခြင်းဖြစ်သည်။

အီရတ်သမ္မတဖူအက်ဒ်မာဆမ်က ကက်ဘိနက်ဝန်ကြီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် နိုင်ငံရေးသမားများကို တိုက်တွန်းထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required