အငြင်းပွားရေပြင်တွင် ရေပြင်ပြည်သူ့စစ်များအဖြစ် တရုတ်နိုင်ငံက ငါးဖမ်းသမားများကို သင်တန်းပေးမွေးမြူနေ

အငြင်းပွားရေပြင်တွင် ရေပြင်ပြည်သူ့စစ်များအဖြစ် တရုတ်နိုင်ငံက ငါးဖမ်းသမားများကို သင်တန်းပေးမွေးမြူနေ

ပေကျင်း၊ မေ ၁ ။               ။ အငြင်းပွားတောင်တရုတ်ပင်လယ်ရေပိုင်နက်အတွင်း ပြည်သူ့စစ်သဏ္ဍန် ခေတ်မီငါးဖမ်းတပ်ဖွဲ့များ ကြီးထွားလာရေးကို တရုတ်က ဖန်တီးနေလျက်ရှိပြီး ဟိုင်နန်ကျွန်းပေါ်ရှိ ဆိပ်ကမ်းမြို့ငယ်မှ ငါးဖမ်းတပ်ဖွဲ့များကို စစ်သင်တန်းအဝဝ ပေးခြင်းနှင့် လောင်စာနှင့် ရေခဲများကိုလည်း ပံ့ပိုးထောက်ပံ့ကာ ပေးထားသည်။

စစ်သင်တန်းနှင့် ပင်လယ်တွင်း စွမ်းဆောင်ရည်အပါအဝင် ထောက်ပံ့မှုများ ပေးထားပြီး ငါးဖမ်းသမားအုပ်စုများသို့ နိုင်ငံခြားရေယာဉ်သင်္ဘောများနှင့် ပတ်သက်သည့်သတင်းအချက်အလက်များ စုဆောင်းရန်လည်း တောင်းဆိုစေခိုင်းထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဒေသတွင်းသံတမန်များနှင့် ငါးဖမ်းကုမ္ပဏီများက ပြောသည်။

"ရေပြင်ပြည်သူ့စစ်တွေ ချဲ့ထွင်ရတာက နိုင်ငံအတွက် လိုအပ်လို့ပဲ။ ငါးဖမ်းသမားတွေကလည်း အမျိုးသားရေးတာဝန်အတွက် ဆန္ဒရှိကြတယ်။ ကိုယ့်နိုင်ငံကို ကာကွယ်ရေးအတွက် ပါဝင်လိုကြတယ်။"ဟု ဟိုင်နန်အုပ်ချုပ်ရေးရုံးမှ အမည်မဖော်လိုသည့် အကြံပေးဖြစ်သူတစ်ဦးက ပြောသည်။

သို့သော်လည်း ယခုငါးဖမ်းသမားပြည်သူ့စစ်များ ကြီးထွားလာခြင်းကြောင့် နှစ်စဉ် ကုန်သွယ်ဖြတ်သန်းမှု အမေရိကန်ဒေါ်လာ ၅ ထရီလီယံ ရှိနေသည့် မဟာဗျူဟာကျယင်းရေပြင်အတွက်   နိုင်ငံခြားရေတပ်ဖွဲ့များနှင့် ပဋိပက္ခများ ကြီးထွားစေမည့် အန္တရာယ်ဖြစ်ကြောင်း သံတမန်များနှင့် ရေတပ်ပညာရှင်များက ပြောသည်။

ပိုင်နက်အငြင်းပွားနေသည့် Spratlys ကျွန်းစုများတွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော လူလုပ်ကျွန်းများအနီး အမေရိကန်က စောင့်ကြည့်ခြင်းနှင့် ကင်းလှည့်လေယာဉ်များ ပျံသန်းခြင်းကို လုပ်ဆောင်လျက်လည်းရှိသည်။ အငြင်းပွားနေသည့် ယင်းပင်လယ်ပိုင်နက်ဝန်းကျင်တွင် လွတ်လပ်စွာလေယာဉ်ပျံသန်းခြင်းနှင့် ရွက်လွှင့်ခြင်းများ တိုးမြှင့်လုပ်ဆောင်မည်ဟုလည်း အမေရိကန်က ဖေဖော်ဝါရီလအတွင်းက ပြောထားသည်။

ငါးဖမ်းသမားများကို သင်တန်းပေးလေ့ကျင့်မှုများတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ဆောင်မှုများ၊ ပင်လယ်တွင်း သဘာဝဘေးကြုံစဉ် ရင်ဆိုင်အံ့တုခြင်းများနှင့် တရုတ်အချုပ်အခြာအာဏာအတွက် ကာကွယ်မှုပေးနိုင်ရေးတို့ ပါဝင်ကြောင်း အထက်ပါ အကြံပေးပုဂ္ဂိုလ်ဆိုသူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly