ဧရာဝတီတိုင်းတွင် ရက် ၁၀၀ စီမံကိန်းအတွက် မွမ်းမံရန်ပုံငွေမှ ကျပ်သန်း ၉၀၀နီးပါးကို လမ်းတံတား နှင့် ကျေးလက်ရေ ရရှိရေးအတွက် အသုံးပြုမည်

ဧရာဝတီတိုင်းတွင် ရက် ၁၀၀ စီမံကိန်းအတွက် မွမ်းမံရန်ပုံငွေမှ ကျပ်သန်း ၉၀၀နီးပါးကို လမ်းတံတား နှင့် ကျေးလက်ရေ ရရှိရေးအတွက် အသုံးပြုမည်

ပုသိမ်၊ ဧပြီ ၃၀ ။                ။ ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံကိန်းအတွက် မွမ်းမံရန်ပုံငွေမှ ကျပ်သန်း ၈၅၇.၀၇ အား လမ်းတံတားနှင့် ကျေးလက်ရေရှိရေး ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် သုံးစွဲသွားမည်ဟု သိရသည်။

"ရက်၁၀၀အတွင်း ငွေလုံးငွေရင်း လုပ်ငန်းတွေ ပြီးစီးအောင် လုပ်ဖို့ခက်ခဲတယ်။ ထင်သာမြင်သာလည်းရှိရမယ်။ အကျိုးလည်းရှိရမယ် ဆိုတော့ ငွေလုံးငွေရင်းလို တင်ဒါပစ်စရာမလိုတဲ့ မွမ်းမံရန်ပုံငွေဆိုတာ ရှိပါတယ်။ မွမ်းမံရန်ပုံငွေက သီးသန့်ချပေးခြင်းဖြစ်ပါတယ်"ဟု ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးသန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ရက်၁၀၀စီမံကိန်းအတွက် မွမ်းမံရန်ပုံငွေ ကျပ်၈၅၇.၀၇သန်းအား ချထားပေးသည်။

ကျေးလက်လမ်းတံတားနဲ့ ရေထိန်းရေးလုပ်ငန်းတွေပါ။ ရက်၁၀၀အတွင်းမှာလည်းပြီးရမယ်။ လုပ်ငန်းတွေ ပြည်သူကို အမှန်တကယ် ထိရောက်စွာ အကျိုးပြုရမယ်ဆိုတဲ့ လမ်းညွန်ကြားချက် ပြည်ထောင်စုဝန်ကြီးက ပေးပါတယ်။ အဓိက လမ်းရယ်၊တံတားရယ်၊ ရေထိန်းရေးလုပ်ငန်းတွေပါ။ ရေပေးရေးလုပ်ငန်းတွေဆို လျာထားချက်၃၀ရာနှုန်းပြီးနေပါပြီ။ လမ်းတံတားလုပ်ငန်းတွေ ၁၀ရာနှုန်းအထိ ပြီးနေပြီး လုပ်ငန်းတွေအားလုံးကို မေလကုန်မှ ပြီးမယ်လို့ခန့်မှန်းထားတယ်"ဟု ညွှန်ကြားရေးမှူး ဦးစိုးသိန်းက ဆက်လက်ပြောသည်။

ကျေးလက်လမ်း၊ တံတားပြင်/ထိန်းလုပ်ငန်းများကို တစ်မြို့နယ် ကျပ်သန်း ၃၀ လျာထားဆောင်ရွက်နေသည်။ လုပ်ဆောင်မည့် လုပ်ငန်းများမှ ကွန်ကရစ်လမ်းအား ၇မြို့နယ်တွင် ၂မိုင် ၇.၀၉ဖာလုံ ၊ ကျောက်ချော လမ်းအား ၄မြို့နယ်တွင် ၂မိုင် ၅.၄၇ဖာလုံ၊ ကျောက်ချောလမ်းအား ၄မြို့နယ်တွင် ၃မိုင် ၄.၉၄ဖာလုံ၊ မြေသားလမ်းအား ၃မြို့နယ်တွင် ၃မိုင် ၃.၄၁ဖာလုံနှင့် တံတားများမှာ ကွန်ကရစ်တံတား၂၅စင်းအား မြို့နယ် ၁၆မြို့၊ သစ်သားတံတား ၁စင်း၊ မြို့နယ်တစ်ခုတွင် ရေကျော်တံတား၃စင်း၊ Box-culvert ၁စင်းတို့ဖြစ်သည်။

ကျေးလက်ရေရှိရေးအတွက် မြို့တစ်မြို့အား ကျပ်၅သန်းဖြင့် လက်တူးတွင်းတူးဖော်ခြင်း၊ တွင်းဆေးတူးပြုပြင်ခြင်း၊ အင်ဂျင်ပန့်ပြုပြင်ခြင်း၊ ရေလှောင်ကန် ရေစက်ရုံပြုပြင်ခြင်းနှင့် မြေသားရေကန်ပြုပြင်ခြင်းအား ၂၆မြို့နယ်တွင် ကျေးရွာ ၁၉၉ရွာ၌ လုပ်ဆောင်နေကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly