တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ဖွယ်မရှိဟု ဦးထွန်းလွင်ပြော

30 April 2016
တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ဖွယ်မရှိဟု ဦးထွန်းလွင်ပြော

မေလကုန်ထိ ထူးခြားမိုးလေဝသဖြစ်စဉ်

ဒီတစ်ပတ်မှာ အထူးတင်ပြလိုတဲ့ အကြောင်းအရာကတော့ ပြီးခဲ့တဲ့ရက်ပိုင်း ဧပြီလ ၂၄ ရက်နေ့က မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ အလွန်ထူးခြားတဲ့ မိုးသီးကြွေကျတဲ့ ဖြစ်စဉ်ကို အရင်ဆုံး တင်ပြလိုပါတယ်။ အမှန်တကယ်တော့ မြန်မာနိုင်ငံမှာ နှစ်စဉ် ဧပြီလ ၁၅ ရက်နေ့ ကစပြီးတော့ မေလ အကုန်ထိ ကာလဟာ မိုးကြိုကာလ လို့ ခေါ်ဆိုပါတယ်။ ဒီကာလရဲ့ ထူးခြားချက်ကတော့ ပြီးခဲ့တဲ့ နွေကာလ တစ်ခုလုံး ပူပြင်းနေတဲ့ မြန်မာနိုင်ငံရဲ့ မြေပြင်အပေါ်ကို မြန်မာနိုင်ငံ အဖက်ဖက်ကနေ ရေငွေ့ပါတဲ့ လေတွေ စတင်ဝင်ရောက်တဲ့ ကာလလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဖက်မှာ ရှိတဲ့ ဘင်္ဂလာဒေ့ရှ် ကနေ ရေငွေ့ပါတဲ့ လေတွေ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက် မှာရှိတဲ့ ဘင်္ဂလားပင်လယ်အော် အတွင်းကနေပြီးတော့ မုတ်သုန်ရှေ့ပြေးအဖြစ် ရောက်ရှိလာတဲ့ အနောက်တောင်လေတွေ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဖက် ထိုင်းပင်လယ်ကွေ့အတွင်းကနေပြီးတော့ တိုးဝင်လာတဲ့ ရေငွေ့တွေ သယ်ဆောင်လာတဲ့ လေတွေ ဝင်ရောက်တဲ့ ကာလဖြစ်တော့ ဒီလေတွေထဲမှာ ပါလာတဲ့ ရေငွေ့တွေဟာ မြန်မာ နိုင်ငံအတွင်း ဝင်ရောက်လာတာနဲ့ မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ အောက်ခံမြေပြင်ကနေပြီးတော့ အပူကူးစက် စေခဲ့ပါတယ်။ ဒီတော့ ဝင်လာတဲ့ လေတွေမှာ အပူရလာတဲ့ အခါ ပူရာပွ ပွရာက ပေါ့ဆိုတဲ့ convention process တစ်ဖြေးဖြေး အထက်ကို မြင့်တက်တဲ့ အခါမှာ အရေဖွဲ့တဲ့ အမြင့်ကို ရောက်တဲ့ အခါမှာ ရေငွေ့များက အရည်ဘဝကို ပြောင်းတယ်။ အဲဒီ အမြင့်ကနေပြီးတော့ တိမ်များ စတင်ဖြစ်ပေါ်တယ်။ ဒါပေမယ့် အောက်က အပူပေးမှု အားကောင်းတဲ့ အတွက်ကြောင့် အထက်ကို တက်နေတဲ့ လေများဟာ အရှိန်ကောင်းတဲ့ အတွက် ဆက်လက်ပြီး မြင့်တက်လာရမှာ စောစောက ဖြစ်ပေါ်ခဲ့တဲ့ ရေပေါက်များဟာ အထက်အမြင့်တစ်ခု ရောက်တဲ့ အခါမှာ ရေခဲတဲ့ အပူချိန် ၀ ဒီဂရီစင်တီဂရိတ် ရှိတဲ့ အမြင့်ကို ရောက်ရှိပါတယ်။ အဲဒီရောက်ရှိတဲ့ အခါမှာ လေထဲမှာ ရှိတဲ့ ရေပေါက်များဟာ ရေခဲဘဝကို ကူးပြောင်းပါတယ်။ ဒါပေမယ့်လည်း များသောအားဖြင့် အောက်ခံမြေပြင်ရဲ့ ပူပြင်းမှုကြောင့် အထက်ကို ပင့်တင်နေတဲ့ လေများ အလွန်အားကောင်းတဲ့ အတွက် ရေခဲများဟာ ဆက်လက်ပြီး မြင့်တက်သွားတဲ့ အခါမှာ များသောအားဖြင့် အလွန်မြင့်မားတဲ့ တိမ်ကြီးများ ဒီကာလမှာ အများဆုံး ဖြစ်ပေါ်ပါတယ်။ အဲဒီတိမ်တွေကိုတော့ မိုးတိမ်တောင်များလို့ ခေါ်ဆိုပါတယ်။

မိုးတိမ်တောင် အန္တရာယ်

ဒီနှစ်မြန်မာနိုင်ငံမှာ အလွန်ပူပြင်းတဲ့ နွေရာသီနဲ့ ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ နွေတွေဟာ ပြီးခဲ့တဲ့ ၁၀နှစ်လောက်က စပြီး တစ်နှစ်ထက် တစ်နှစ် မြင့်လာရမှာ ဒီနှစ်မှာတော့ ထူးထူးခြားခြား အယ်နီညို ရာသီဥတု ဖြစ်တဲ့ အတွက် အပူရှိန်ဟာပိုပြီးတော့ ပြင်းထန်နေပါတယ်။ နေ့အပူချိန် စံချိန်မြင့်တက်တဲ့ အထိ အပူရှိန်မြင့်တက်တဲ့ စခန်းပေါင်းကို ၂၀ ခန့်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို ကြည့်တဲ့ အခါမှာ အပူချိန်အမြင့်မားဆုံး ဖြစ်တဲ့ ဒေသဟာ အစဉ်လာအတိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်း တို့ ဖြစ်ပါတယ်။ အဲတာကြောင့် အပူပြင်းဆုံး ဖြစ်နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသပေါ်မှာ ဖြစ်တဲ့ မိုးတိမ်တောင်များဟာ အခြားဒေသမှာ ဖြစ်တဲ့ မိုးတိမ်တောင်များထက် အောက်က အပူပေးတဲ့ပြင်းအား ပိုမိုကောင်းတဲ့ အတွက်ကြောင့် အလွန်မြင့်မားတဲ့ တိမ်ကြီးများ ဖြစ်ပေါ်လာလေ့ ရှိပါတယ်။ တစ်နည်းပြောရင် အဲဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ တိမ်ကြီးတွေရဲ့ ထိပ်ပိုင်းမှာ ရေခဲများအမြောက်အများ စုဝေးနေလေ့ရှိပါတယ်။ မိုးတိမ်တောင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အောက်က ပင့်နေတဲ့လေ အားကောင်းနေသေးသမျှတော့ ဒီတိမ်ထဲမှာ ရေခဲတွေဟာ အောက်ကို ကျဆင်းမလာနိုင်ပါဘူး။ ဒါပေမယ့်လည်း မိုးတိမ်တောင်တိုင်းဟာ အဆင့်သုံးဆင့်ကို ဖြတ်ကျော်ရပါတယ်။ ပထမ အဆင့်က စတင်ဖြစ်ပေါ်တဲ့ အဆင့် နောက်တစ်ဆင့်ကတော့ အားအင်ပြည့်ဖြိုးတဲ့ အဆင့် နောက်ဆုံး အဆင့်ကတော့ ပျက်ပြယ်တဲ့ အဆင့် ဒီအဆင့်သုံးဆင့်ကို မိုးတိမ်တောင်များက ဖြတ်ကျော်တဲ့ အခါမှာ ပျက်ပြယ်တဲ့ အဆင့်ရောက်တဲ့ အခါမှာ အထက်ကို ပင့်တင့်တဲ့ လေများဟာ အားလျော့သွားပါတယ်။ ဒီလို အားလျော့တဲ့ အခါမှာ တိမ်အထက်မှာ စုဆောင်းထားတဲ့ ရေခဲများဟာ မြေဆွဲအားနဲ့ တိမ်အတွင်းပိုင်းကနေပြီးတော့ အောက်ကို ပြုတ်ကျလာပါတယ်။ အမှန်တကယ်တော့ တိမ်အတွင်းပိုင်းမှာ သေချာလေ့လာကြည့်မယ် ဆိုရင်တော့ ပြုတ်ကျလာတဲ့ ရေခဲတစ်ခုဟာ အောက်ကိုရောက်လေ လေရဲ့ ပင့်အားကောင်းမှုကြောင့် အထက်ပို ပြန်တက်သွားပါတယ်။ များသောအားဖြင့် တိမ်အတွင်းထဲမှာ တက်လိုက်ဆင်းလိုက် အချိန်တော်ကြာ ပြုလုပ်ပြီးတော့မှ နောက်ဆုံးမှာတော့ မြေဆွဲအားနဲ့ တိမ်ကို ထိုးဖောက်ပြီးတော့ မြေကြီးပေါ်ကို ကျဆင်းလာပါတယ်။ မြေကြီးပေါ်ရောက်တဲ့ အထိ ရေခဲအဖြစ် ရှိနေသေးမယ်။ ရေခဲဘဝမှ မပြောင်းလဲသေးဘူးဆိုရင်တော့ အဲဒါ မိုးသီးလို့ခေါ်ပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်တဲ့မိုးသီးတွေဟာ အရွယ်အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် မိုးသီးများရဲ့ အရွယ်ဟာ အချင်းအားဖြင့် ဒဿမ နှစ်လက်မကနေပြီးတော့ အများဆုံးအချင်း နှစ်လက်မထိ ရှိတတ်ပါတယ်။ ဒါဟာ အများအားဖြင့် ဖြစ်တတ်တဲ့ မိုးသီးများရဲ့ အရွယ်စား ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ဒီနှစ် ဧပြီလ ၄ ရက်နေ့က ကျဆင်းခဲ့တဲ့ မိုးသီးဟာ အလွန်ထူးခြားတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ တစ်သက်လုံး တစ်ခါမှ မတွေ့ဘူးတဲ့ မိုးသီး အရေအတွက်ပဲ ဖြစ်ပါတယ်။ ဒီမိုးသီးကျဆင်းမှုဟာ အရေအတွက် အလွန်များပြားပြီးတော့ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ အဲဒီနောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ် စတဲ့ ဒေသတွေမှာ အများဆုံးကျပြီး အချို့နေရာတွေမှာ အလွန် အပျက်စီး များစေခဲ့ပါတယ်။

အမှန်တကယ်တော့ မိုးတိမ်တောင် ဖြစ်တဲ့  ကာလမှာ မိုးတိမ်တောင် ဖြစ်တိုင်း ရာသီဥတု ဆယ်မျိုး တွေ့လေ့ရှိပါတယ်။ အနိမ့်ဆုံးအားဖြင့် မိုးတိမ်တောင်တိုင်းဟာ လျှပ်စီးလက်ခြင်း၊ မိုးချုန်းခြင်း၊ နေရာကွက် မိုးသီးထန်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ ဒီရာသီဥတု လေးမျိုးဟာ အမြဲလိုလို ဖြစ်ပေါ်တတ်လေ့ ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပေါ်တဲ့ မိုးတိမ်တောင်ဟာ အတန်အသင့် အားကောင်းတဲ့ မိုးတိမ်တောင် ဖြစ်လာမယ် ဆိုရင်တော့ အဲဒီလေးခု အပြင် နောက်ထပ် မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ ဒါတွေလည်း ဖြစ်လာတတ်ပါတယ်။ အလွန်အားကောင်းတဲ့ မိုးတိမ်တောင် အဆင့်ရောက်လာမယ်ဆိုရင်တော့ အဲဒီဖြစ်စဉ်များအပြင် အလွန် လေပြင်းများ တိုက်ခတ်တတ်တဲ့ လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ ဆိုက်ဆင်း လေပြင်းတိုက်ခတ်ခြင်းတို့လည်း   ဖြစ်ပေါ်စေတတ်ပါတယ်။ ပင်လယ်ပြင်ဘက်မှာ ဆိုရင်တော့ မိုးတိမ်တောင် တစ်ခုဟာ ရေဆင်နှာမောင်း တိုက်ခတ်တတ်ခြင်းနဲ့ ပင်လယ်မီးစုန်း တောက်ခြင်းဆိုပြီးတော့ ရာသီဥတု ဖြစ်စဉ်များလည်း ဖြစ်ပေါ်တတ်လေ့ ရှိပါတယ်။ စုစုပေါင်း မိုးတိမ်တောင်က ပေးတဲ့ ရာသီတုဟာ ဆယ်မျိုး ရှိပါတယ်။ ဒါကြောင့်မို့ အခုလို မိုးကြိုကာလမှာ မိုးသီးကျတာဟာ အစဉ်လာတစ်ခု ဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။

တစ်ပတ်အတွင်း ခန့်မှန်းချက်

ဒီတစ်ပတ်အတွက် နောက်ဆုံး တင်ပြလိုတာကတော့ လာမည့်တစ်ပတ်အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ ဖြစ်ပါတယ်။ လာမည့်တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင် မုတ်သုန် လေဦးရဲ့ အရှေ့ပြေးများ အဖြစ် အနောက်တောင်လေများ ဘင်္ဂလားပင်လယ်အော် အတွင်းမှာ စတင်တိုက်ခတ် လာနိုင်ပေမယ်လို့ မုန်တိုင်းတစ်ခု ဖြစ်လာနိုင်လောက်တဲ့ အခြေနေ အထိတော့ မရှိနိုင်သေးဘူးလို့ပဲ ခန့်မှန်းပါတယ်။ ဒါပေမယ့် ဘင်္ဂလားပင်လယ် အတွင်းမှာ ရေငွေ့ပါတဲ့ လေများ တိုးဝင်လာမှုနဲ့ အပူရှိန်ပြင်းထန်မှုကြောင့် လေဖိအားနည်း ရပ်ဝန်းတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။   မြန်မာ့ကမ်းရိုးတန်း ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ်မှ အသင့်အတင့် ရှိနိုင်ပြီး လှိုင်းအမြင့်ကလည်း ၃ ပေမှ ၅ ပေခန့် အထိ ရှိနိုင်ပါတယ်။ သို့သော်ငြားလည်းပဲ မြန်မာပင်လယ်ပြင်ထဲမှာ မိုးတိမ်တောင် ဖြစ်မယ်ဆိုရင်တော့ မိုးတိမ်တောင်ရဲ့ အရှိန်ကြောင့် လေပြင်းများ တိုက်ခတ်ပြီးတော့ လှိုင်းအမြင့်က ၇ ပေခန့်အထိ မြင့်မားလာနိုင်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ လာမည့်တစ်ပတ်အတွင်း မိုးတိမ်တောင်များ မွန်းလွဲ ညနေပိုင်း အချိန်အခါနားမှာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ၊် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်များ အများဆုံးဖြစ်ပေါ်နိုင်ပါတယ်။ ကျန်ဒေသတွေမှာလည်း မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ပေါ်နိုင်ပါတယ်။ အဲတာကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ အန္တရယ်တွေကို သတိပြု နေထိုင်ဖို့ လိုမယ်လို့လဲ အကြံပြုတင်ပြလိုပါတယ်။

လာမည့်တစ်ပတ်အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ လွန်ကဲအဆင့်ကို ရောက်ရှိနေပါလိမ့်မယ်။ နေ့အပူချိန်များ အနေနဲ့တော့ လာမည့်တစ်ပတ်မှာ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အရှေ့ပိုင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေ့အပူချိန်တွေဟာ ၄၀ မှ ၄၅ ဒီဂရီ စင်တီဂရိတ်လောက်ထိ မြင့်မားနိုင်ပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ မကွေးတိုင်းတို့မှာ တစ်ချို့ဒေသတွေမှာ နေ့အပူချိန်တွေဟာ ၄၅ ဒီဂရီစင်တီဂရိတ် ကျော်လွန်တဲ့ အထိ မြင့်တက်နေပါတယ်။

မိုးရွာသွန်းမှု အခြေအနေ

မိုးရွာသွန်းမှု အနေနဲ့တော့ လာမည့်တစ်ပတ်အတွင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းများမှာ မိုးရွာနိုင်ဖို့ အလားလာရှိတဲ့ ဒေသပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် စတဲ့ ဒေသတွေမှာ လာမည့် တစ်ပတ်အတွင်း တစ်ရက်မှ သုံးရက်ခန့် နေရာကွက်ကြားမှ နေရာကျဲကျဲ မိုးထက်ချုန်း ရွာသွန်းနိုင်ပြီး ကျန်ဒေသတွေမှာတော့ မွန်းလွဲညနေပိုင်း အချိန်အခါများမှာ ရံဖန်ရံခါ မိုးထက်ချုန်း ရွာသွန်းနိုင်ပါတယ် လို့ ခန့်မှန်းရရှိထားပါကြောင်း တင်ပြအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required