အမေရိကန်ထောက်လှမ်းရေးလေယာဉ်ကို ရုရှတိုက်လေယာဉ် ကြားဖြတ်ပျံသန်း

အမေရိကန်ထောက်လှမ်းရေးလေယာဉ်ကို ရုရှတိုက်လေယာဉ် ကြားဖြတ်ပျံသန်း

ဝါရှင်တန်၊ ဧပြီ ၃၀ ။               ။ ဘဲလ်တစ်ပင်လယ်တွင် အမေရိကန်၏ ထောက်လှမ်းရေးလေယာဉ်ကို ရုရှတိုက်လေယာဉ်တစ်စင်း ကြားဖြတ်ပျံသန်းခဲ့ခြင်းသည် ဘေးမကင်းသည့်လုပ်ရပ်ဖြစ်ကာ ကျင့်ဝတ်ပျက်ပြားမှုလည်းဖြစ်ကြောင်း ပင်တဂွန်က ပြောလိုက်သည်။

ယခုလအတွင်း ရုရှလေယာဉ်များ နှစ်ကြိမ်မြောက် ထင်ရာစိုင်းပျံသန်းမှုဖြစ်ကြောင်း အမေရိကန်က စွပ်စွဲသည်။ ဧပြီ ၁၃ ရက်ကလည်း အမေရိကန်ဒုံးကျည်ဖျက်လေယာဉ်ကို ရုရှစစ်လေယာဉ်နှစ်စင်းက နီးကပ်စွာ အကြိမ်ကြိမ် ပျံသန်းခဲ့သည်။

“ပြီးခဲ့တဲ့နှစ်ကလည်း ဒီလိုဖြစ်ရပ်တွေ ရုရှက ကျုးလွန်ခဲ့တယ်။ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်လာအောင် ရုရှလေယာဉ်တွေက ခုလို ထင်ရာစိုင်းပျံသန်းမှုတွေ ရှိခဲ့တယ်။ ဒီလိုအပြုအမူတွေက ကျွန်တော် တို့အတွက် အလွန်စိုးရိမ်စရာဖြစ်တယ်။”ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာနန်ဒက်ဇ်က ဧပြီ ၂၉ ရက်က ပြောခဲ့သည်။

“အမေရိကန်က နိုင်ငံတကာလေပိုင်နက်မှာ ပျံသန်းနေတာပါ။ ရုရှဝေဟင်မှာ မဟုတ်ပါ။ အန္တရာယ်များပြီး ကျင့်ဝတ်ပျက်ပြားတဲ့ ဒီလိုကြားဖြတ်ပျံသန်းမှုတွေက ထိခိုက်နာကျင်မှုတွေ ဖြစ်လာနိုင်ပါတယ်။”ဟု ၎င်းက ပြောသည်။

ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က အမေရိကန်လေယာဉ်များကို ကြားဖြတ်ပျံသန်းခြင်းမဟုတ်ကြောင်း ခုခံပြောဆိုပြီး ဘေးကင်းသည့်အကွာအဝေးမှသာ သင်္ဘောတစ်စီးကို လိုက်ပါကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ရုရှနှင့် အမေရိကန်နှင့် ၎င်းမဟာမိတ်တို့ကြား စစ်ရေးထိတွေ့မှုများသည် ခရိုင်းမီးယားကို ရုရှ၏ မောင်ပိုင်စီးမှုနှင့် အရှေ့နှင့် အနောက်ကြား ဆက်ဆံရေး ပျက်ပြားမှုများဖြစ်ခဲ့သည့် ပြီးခဲ့သည့်နှစ်နှစ်အတွင်း အရှိန်မြင့်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required