လျပ်စစ်မီးမလာလို့ ထမင်းမချက်ရတာ ကျွန်တော်တစ်ယောက်တည်းပဲလား

လျပ်စစ်မီးမလာလို့ ထမင်းမချက်ရတာ ကျွန်တော်တစ်ယောက်တည်းပဲလား

အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ စကားလုံးအသစ်သုံးစွဲမှုနဲ့ ထေ့မှုလှောင်မှုနောက်ပြောင်မှု စကားလုံးအသစ်တွေ သုံးစွဲပြောဆိုလေ့ ရှိကြပါတယ်။ ဒီအထဲမှာ အခုရက်ပိုင်းအတွင်း ဖေ့ဘုတ် ပိုင်ရှင်တော်တော်များများ ရေးသားလာကြတဲ့ စာကြောင်းတစ်ကြောင်းက “လျပ်စစ်မီးပျက်လို့ ထမင်းမချက်ရတာ ငါ တစ်ယောက်တည်းလားကွာ” ဆိုတဲ့ စကားအသုံးအနှုန်းဖြစ်ပါတယ်။

ဆိုလိုရင်းကတော့ လျပ်စစ်မီး ခဏခဏပျက်နေတာကို လှောင်ပြောင်ကျီစယ်တဲ့သဘော ရေးတာပါပဲ။ လှောင်ပြောင်မယ်ဆိုရင်လည်း လှောင်ပြောင်လောက်ပါတယ်။ မြန်မာ့လျပ်စစ်ရဲ့ အစွမ်း အစက ကမ္ဘာကျော်လောက်အောင် ညံ့ဖျင်းလွန်းတော့ ကာတွန်းဆရာတွေကအစ ရုပ်ပြောင်တွေရေး ဆွဲ သတိပေး လှောင်ပြောင်ရတဲ့အထိ ဖြစ်လာခဲ့တယ်။ အခုတော့ လူတွေကြားမှာ လျပ်စစ်မီးပျက်တဲ့ ကိစ္စဟာ လူပြောသူပြောအများဆုံး ပြဿနာ ဖြစ်လာခဲ့ပါတယ်။

လျပ်စစ်မီးပျက်တာကတော့ အခုမှ ပျက်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် သုံးလေးဆယ်က တည်းက သွားလေသူ အာဏာရှင်များ လက်ထက်ကတည်းက နေ့တိုင်းလို ပျက်ခဲ့တာပါပဲ။ ဒါပေ မယ့်လည်း အခုတက်လာတဲ့အစိုးရသစ်လက်ထက်မှာ ကံဆိုးလို့ပဲလားမသိ၊ လျပ်စစ်မီးက ပိုပြီးပျက်သ လိုတောင် ဖြစ်လာပါတယ်။ ပျက်ပါများတော့လည်း လူတွေရဲ့အမြင်မှာ လျပ်စစ်မီးပျက်တာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတဲ့ အတွေးအထိ တွေးမိပြောမိကြတာလည်း ရှိလာပါတယ်။

လျပ်စစ်မီးပျက်တဲ့ကိစ္စက ခုရေတွင်းတူး ခု ရေချိုသောက်ဆိုတာမျိုး လုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ နှစ်ပေါင်းမြောက်များစွာ အချိန်ယူ အရှိန်ယူလာခဲ့တဲ့ကိစ္စဖြစ်တာမို့ ပြန်ကောင်းဖို့ဆိုရင် နည်းနည်းတော့ အချိန်ယူကြရမှာ မလွဲပါဘူး။ ဒါပေမယ့် ဘာ့ကြောင့် လျပ်စစ်မီးပျက်ရတယ် ဘယ်မှာပျက်တယ် ဘယ်လောက်ကြာကြာ ပျက်မယ် အစရှိတဲ့ အချက်အလက်တွေကိုတော့ လူတွေသိအောင် ထုတ်ပြန် တာမျိုး လုပ်သင့်ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိရပါမယ်။ ဒါမှလည်း ပြဿနာကို ကြီးထွားအောင် မမှန် သတင်းလွှင့်သူတွေကို ကာကွယ်ရာရောက်ပြီး လူထုအနေနဲ့လည်း နားလည်သဘောပေါက်ကြရမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ လျပ်စစ်မီးချွေတာရေးကိစ္စနဲ့ မိမိတို့ရဲ့ လျပ်စစ်မီးအသုံးပြုမှုကိစ္စ စနစ်ကျစေမှာ လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်ရှိသူတွေအပေါ်မှာလည်း လူထုက အမြင်ရှင်းစေမှာဖြစ်ပါတယ်။

လျပ်စစ်မီးအခက်အခဲပြဿနာကို ဘယ်လိုရှင်းကြမလည်း။ စွမ်းအင်ထုတ်လုပ်ရေးပညာရှင်များက လျပ်စစ်စွမ်းအင် ပိုမိုရရှိလာစေဖို့ နည်းစံနစ်ပိုင်း ငွေအပိုင်း အစရှိတဲ့ အပိုင်းတွေမှာ အစိုးရတာဝန်ရှိသူ တွေနဲ့ တိုင်ပင်ညှိနှိုင်းဆောင်ရွက်ကြရပါလိမ့်မယ်။ နောက်တချက်ကတော့ လျပ်စစ်မီးချွေတာရေး။ စနစ်တကျ သုံးစွဲရေးကို တတိုင်းပြည်လုံး ညီညွတ်တက်ကြွစွာ ကျင့်သုံးလာသင့်တယ်လို့ မြင်ပါတယ်။

လူတွေကို လျပ်စစ်မီး ချွေတာသုံးစွဲကြဖို့၊ စနစ်တကျ သုံးစွဲကြဖို့ ပြောတဲ့အခါ တချို့က မအောင်မြင်နိုင်ဘူးလို့ ဝေဖန်ကောင်း ဝေဖန်နိုင်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ တချိန်တုန်းက အာဏာရှင်တွေ ကလည်း ဒီလိုပဲ လျပ်စစ်မီးချွေတာကြဖို့ စည်းရုံးလှုံ့ဆော်ဖူးပေမယ့် ဘယ်တုန်းကမှ မအောင်မြင်ခဲ့လို့ အဲသလို ဝေဖန်ကြတဲ့သဘောပါပဲ။ ဒါပေမယ် ကျွန်တော်တို့ လုပ်ကို လုပ်ကြရပါလိမ့် မယ်။ အဲသလို တိုင်းပြည်နဲ့အဝှမ်း လျပ်စစ်မီး ချွေတာကြလို့ လျပ်စစ်မီး အခက်အခဲကြီးတစ်ခု အောင်မြင်အောင် ကျော်လွှားနိုင်ခဲ့ကြတဲ့ နိုင်ငံတွေ ရှိခဲ့ဖူးတာ လက်တွေ့ ရှိနေတာပဲ။

ဥပမာအနေနဲ့ပြောရရင် ၁၉၉၇ ခုနှစ်လောက်တုန်းက တောင်ကိုရီးယားနိုင်ငံမှာ သမ္မတကြီး ကင်ဒေးဂျုံလက်ထက် ဖြစ်ပါတယ်။ သူ့အရင် အဆက်ဆက် စစ်အာဏာရှင်တွေလက်ထက် ပျက်စီးခဲ့ တဲ့ လျပ်စစ်ဓါတ်အားပြဿနာကို ကျော်လွှားနိုင်ဖို့ လျပ်စစ်ချွေတာရေးလှုပ်ရှားမှုကြီး လုပ်ခဲ့ကြပါတယ်။ မီးချောင်းတွေ လျှော့ထွန်းတာကအစ စက်ရုံအလုပ်ရုံတွေ၊ ရုံးတွေ၊ ကျောင်းတွေအဆုံး တက်တက်ကြွ ကြွပဲ ချွေတာခဲ့ကြပါတယ်။ ငါ့အိမ် ငါ့ရုံး ငါထွန်းချင်သလိုထွန်းမယ်ဆိုတဲ့ စိတ်ထားမျိုးတွေကို ဝိုင်းဝန်း ဝေဖန်ကြပါတယ်။ တတိုင်းပြည်လုံး လျပ်စစ်မီး ချွေတာရေးလုပ်ကြဖို့ သမ္မတကြီး ကင်ဒေးဂျုံကအစ စံပြအနေနဲ့ ဆော်သြလိုက်နာ လုပ်ပြခဲ့ပါတယ်။ အဲသလိုနည်းနဲ့ တောင်ကိုရီးယားနိုင်ငံဟာ လျပ်စစ်အ ခက်အခဲကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြပါတယ်။

အခုလည်း ကျွန်တော်တို့နိုင်ငံမှာ အဲသလို လျပ်စစ်ချွေတာရေး လှုပ်ရှားမှုကြီးကို နိုင်ငံ့ခေါင်း ဆောင်များကအစ စံပြလုပ်ပြ ထိထိရောက်ရောက် ဆော်သြလှုံ့ဆော်ခြင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်း ကျော်လွှားနိုင်အောင် လုပ်သင့်ပါတယ်။ တချိန်တည်းမှာလည်း လျက်စစ်စွမ်းအင် ပိုမိုရရှိလာစေရေး စီမံချက်တွေချပြီး တိုင်းပြည်တာဝန်ရှိသူတွေက ဆောင်ရွက်ကြ တည်ဆောက်ကြရမှာ ဖြစ်သလို သစ်မရောက်ခင် ဝါးကူဆိုတဲ့သဘောနဲ့ လျပ်စစ် ချွေတာရေးလှုပ်ရှားမှုကြီးလည်း လတ်တလော ဆောင်ရွက်ကြဖို့ သင့်တယ်လို့ ယူဆပါတယ်။ တကယ် ကျင့်သုံးကြမယ်ဆိုရင်လည်း လျပ်စစ်မီးပျက် လို့ ထမင်းမချက်ရတာ ကျွန်တော်တစ်ယောက်တည်းပဲလား ဆိုတဲ့ လှောင်ပြောင်သံတွေလည်း တိတ်သွားပါလိမ့်မယ်။ ဒါကြောင့်မို့ လျပ်စစ်မီးချွေတာရေး တိုင်းပြည်နဲ့အဝှမ်း ဆောင်ရွက်သင့်ကြောင်း မဇ္ဈိမက အကြံပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required