နေပြည်တော်တွင် အသားတိုးကြက်များ ဆက်တိုက်သေဆုံးလျက်ရှိ

နေပြည်တော်တွင် အသားတိုးကြက်များ ဆက်တိုက်သေဆုံးလျက်ရှိ

နေပြည်တော်၊ ဧပြီ ၂၉ ။                ။ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရီမြို့နယ်၊ ကျည်တောင်ကန်အနီးရှိ ကြက်ခြံများတွင် ယခုရက်ပိုင်းအတွင်း အသားတိုးကြက် မွေးမြူရေးခြံများတွင် ကြက်ကောင်ရေ ရာနှင့်ချီကာ သေဆုံးလျက်ရှိသည်။

“တစ်ပတ်အတွင်းကြက်အကောင် ခုနှစ်ရာ လောက်သေသွားတယ်။ အရင်နှစ်တွေ အပူချိန်က ၃၀ ံ C ကျော်ကျော်ပဲရှိတယ်။ ဒီနှစ်အပူချိန်က ၄၀ ံC ကျော်တော့ အပူလွန်ပြီး သေကုန်တာလို့ထင်တယ်။ ဆရာဝန်တော့ ပြထားတယ်။” ဟု ကျည်တောင်ကန် ရပ်ကွက်ရှိ အသားတိုးကြက်မွေးမြူသူ ဦးစန်းဝေက ဧပြီလ ၂၉ ရက် နေ့လည်ပိုင်းကပြောသည်။

ဧပြီလ ၂၉ ရက် နေ့လည်ပိုင်းတွင် ဦးစန်းဝေ၏ ကြက်ခြံမှ ကြက်များ သေးဆုံးလျက်ရှိပြီး ကျည်တောင်ကန်အနီးနားရှိ အခြားကြက်ခြံ တစ်ခြံ နှင့် ကြက်ဒိုင်တစ်ခုရှိ ကြက်များသေးဆုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း ကြက်ခြံများသို့သွားရောက် ကြည့်ရှုခဲ့သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) လွှတ်တော်တော်အမတ် ဦးမောင်မောင်ဆွေကပြောသည်။

“ကျွန်တော် ဒီနေ့သွားကြည့်တဲ့ ခြံနှစ်ခြံမှာ တစ်ခြံမှာက ကြက်အကောင် ငါးဆယ်နီးပါး သေကုန်လို့မြုပ်နေကြတယ်။ ကျန်တဲ့ တစ်ခြံကတော့ တစ်ပတ်လောက်ရှိပြီ နေ့တိုင်းသေနေတာတွေ့တယ်။ ကျန်းမာရေးဌာနကပြောတာတော့ ၂၃ ရက်ကနေ မနေ့ကညနေ (၂၈.၄.၂၀၁၆)အထိ ၄၅၀ ကျော် သေတယ်လို့ပြောတယ်။” ဟု ဦးမောင်မောင်ဆွေ ကပြောသည်။

သေဆုံးသွားသည့် ကြက်များကို မြေမြုပ်လျက်ရှိကာ ကြက်ခြံပိုင်ရှင်များပြောကြားရာတွင် အစိုးရဌာနဆိုင်ရာများမှ သေဆုံးသည့် ကြက်များ နှင့် ပက်သက်၍ တစ်စုံတစ်ရာ လာရောက်ခြင်းမရှိကာ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးများကသာ လာရောက်မေးမြန်းခြင်းရှိသည်ဟုဆိုသည်။

“မနေ့က ညနေ ကတော့ ကြက်ဒိုင်တစ်ခုက ကြက်ခြံရွှေ့မလို့ဆိုပြီး ကြက်အသေတွေကို ဆာလာအိတ်နဲ့ထည့်ပြီး ဆင်ရဲတဲ့ ရပ်ကွက်တွေထဲ တစ်ကောင်နှစ်ထောင်နဲ့လိုက်ရောင်းနေတယ်။ ဒီရပ်ကွက်ထဲကလည်း လက်လုပ်လက်စားများတော့ ဝယ်စားကြပါတယ် ဈေးတန်လို့ဝယ်ကြပါတယ်။” ဟု ကျည်တောင်ကန် အမှတ် (၁) ၇ပ်ကွက်ရှိ ရာအိမ်မှူး တစ်ဦးကပြောသည်။

ယခုသေဆုံးသွားသည့် ကြက်များ၏ တန်ဖိုးမှာ တစ်ကောင်လျှင် ငါးထောင်ကျပ်မှ ရှစ်ထောင်ခန့် တန်ဖိုးရှိပြီး ကြက်ခြံပိုင်ရှင်များ စီးပွားရေးအရ နစ်နာဆုံးရှုံးလျက်ရှိကြောင်း   ခြံပိုင်ရှင်များ၏   ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည် ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါရှိသည့် ကြက်များတွေ့ရှိခဲ့သည့်အတွက် ကြက်ခြံများရှိကြက်များ ကို သုတ်သင်ရှင်းလင်းခြင်းများ   ပြုလုပ်ခဲ့ရပြီး အသားတိုးကြက်တင်သွင်းမှုများ အပေါ် တိုင်းဒေကြီးအချို့တွင် စိစစ်မှုများပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required