အမေရိကတွင် ရုပ်သံဌာနတွင်းဝင်ရောက်ခြိမ်းခြောက်သည့် ပန်ဒါဝတ်စုံဝတ်အမျိုးသားကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

အမေရိကတွင် ရုပ်သံဌာနတွင်းဝင်ရောက်ခြိမ်းခြောက်သည့် ပန်ဒါဝတ်စုံဝတ်အမျိုးသားကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

ဘယ်လ်တီမိုး၊ ဧပြီ၊ ၂၉ ။            ။ အမေရိကန်ပြည်ထောင်စုတွင် နာမည်ကျော် Fox ရုပ်သံဌာနအတွင်းသို့ဝင်ရောက်ပြီး ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့သော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်ရသည်။

အဆိုပါအမျိုးသားသည် ဘယ်လ်တီမိုးမြို့ရှိ Fox ရုပ်သံဌာနအတွင်းသို့ ဝင်ရောက်ကာ သူ၏ Memory Stick အတွင်းမှ ဗွီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့်ပေးရန် ဝန်ထမ်းများကိုတောင်းဆိုခဲ့ပြီး သူခိုင်းသည့်အတိုင်းမလုပ်ပါက သူယူဆောင်လာသည့် ဗုံးကို ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ရုပ်သံဌာနမှဝန်ထမ်းများက ရဲတပ်ဖွဲ့ထံအကူအညီတောင်းခံနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ယင်းအမျိုးသား အဆောက်အဦထဲမှထွက်လာချိန်တွင် လက်များကို မြင်သာအောင်ထားရန် ညွှန်ကြားရာ မလိုက်နာသဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အဆိုပါအမျိုးသားတွင် သေနတ်ဒဏ်ရာ ၃ ချက်ရရှိသွားခဲ့ကာ လက်ရှိတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။

နောက်ပိုင်းစစ်ဆေးမှုများအရ ယင်းအမျိုးသားကိုင်ဆောင်ခြိမ်းခြောက်ခဲ့သည်မှာ ဗုံးအစစ်မဟုတ်ဘဲ ချောက်ကလက် ချောင်းတစ်ခုကို သတ္ထုပြားဖြင့်ပတ်ပြီး ဝါယာကြိုးများဟန်ပြတပ်ဆင်ထားခြင်းသာဖြစ်ကြောင်း တွေ့ရှိရသည်။

ယင်းအမျိုးသားသည် အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ပန်ဒါဝတ်စုံတစ်မျိုးကို ဝတ်ဆင်ထားကာ ၎င်းခြိမ်းခြောက်ထုတ်လွှင့် ခိုင်းခဲ့သည့် ဗွီဒီယိုဖိုင်ထဲတွင် အစိုးရ နှင့် အာကာသဆိုင်ရာကိစ္စများ ပြောကြားထားကြောင်း ဒေသတွင်းသတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါအမျိုးသား၏ အမည်နှင့် အခြားအသေးစိတ်အချက်အလက်များကိုမူ ဘယ်လ်တီမိုးရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required