ဆောက်သမ်းအသင်း ဒုကျော့အတွက် နိုင်ငံခြားသား တိုက်စစ်မှူး နှစ်ဦး ထပ်မံခေါ်ယူ

ဆောက်သမ်းအသင်း ဒုကျော့အတွက် နိုင်ငံခြားသား တိုက်စစ်မှူး နှစ်ဦး ထပ်မံခေါ်ယူ
ဆောက်သမ်းမြန်မာအသင်းမှ စာချုပ်ခေါ်ယူခဲ့သည့် ဟော်ရဇွန်တိုက်စစ်မှူးဟောင်း ချီကာ

ဧပြီ ၂၉ ၊ ရန်ကုန် ။              ။ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ဆောက်သမ်းမြန်မာအသင်းသည် အပြောင်းအရွေ့ဈေးကွက်ဖွင့်ချိန်တွင် နိုင်ငံခြားသား တိုက်စစ်မှူး နှစ်ဦးအား ထပ်မံခေါ်ယူ အားဖြည့်လိုက်သည်။ အဆိုပါ တိုက်စစ်မှူး နှစ်ဦးမှာ နိုင်ဂျီးရီးယား တိုက်စစ်မှူး မိုက်ကယ်နှင့် ဟော်ရဇွန်အသင်းမှ နိုင်ဂျီးရီးယားကစားသမား ချီကာ တို့ဖြစ်ကြသည်။

အသက် ၂၈ နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားတိုက်စစ်မှူး မိုက်ကယ်သည် ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီတွင် မလေးရှားစူပါလိဂ်ကလပ် KL SPA အသင်း၏ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်သည်။

ဟော်ရဇွန်ကစားသမားဟောင်း ချီကာသည် ၂၀၁၄ ဘောလုံးရာသီတွင် ဟံသာဝတီအသင်းနှင့်အတူ လိဂ်-၂ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၂၀၁၅ ဘောလုံးရာသီ၌ ဟော်ရဇွန်အသင်းသို့ ပြောင်းရွေ့ကာ ယခုနှစ်တွင် ဆောက်သမ်းအသင်းသို့ ထပ်မံပြောင်းရွေ့ခဲ့ခြင်း ဖြစ်သည်။

ဆောက်သမ်းမြန်မာအသင်းသည် ယခုနှစ် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် ရလဒ်များဆိုးဝါးနေသည့်အတွက် ဒုတိယအကျော့အတွက် မိုက်ကယ်နှင့် ချီကာ အပါအဝင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဂီနီနိုင်ငံသား လက်ဆာနာ စသည့် နိုင်ငံခြားသားအသစ် သုံးဦးအား ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဆောက်သမ်းမြန်မာအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များ ပြီးဆုံးချိန်တွင် နိုင်ပွဲတစ်ပွဲမှ မရရှိသေးပဲ လေးပွဲသရေ ခုနစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် လေးမှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required