ဂျပန်ခြေစမ်းခရီးစဉ်အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လူစာရင်း ထုတ်ပြန်

ဂျပန်ခြေစမ်းခရီးစဉ်အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လူစာရင်း ထုတ်ပြန်
အာဆီယံပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဧပြီ ၂၉ ၊ ရန်ကုန် ။           ။ ၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ အကြို ပြင်ဆင်မှုအနေဖြင့် ဂျပန်နိုင်ငံ ရှိဇူအိုကာမြို့သို့ သွားရောက်ခြေစမ်းကစားမည့် မြန်မာအမျိုးသမီးအသင်း ခြေစမ်း ခရီးစဉ်အတွက် ကစားသမား ၂၃ ဦးစာရင်းအား ထုတ်ပြန်လိုက်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အဆိုပါခြေစမ်းခရီးစဉ်အတွက် မေလ ၅ ရက်တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည် ဖြစ်ပြီး မေလ ၂၅ ရက် အထိ ဂျပန်နိုင်ငံတွင် ပူပေါင်းလေ့ကျင့်မှုများ ခြေစမ်းပွဲများ လေးပွဲ (သို့) ငါးပွဲခန့် ကစားရန် စီစဉ်ထားသည်။

မြန်မာအမျိုးသမီးအသင်းသည် ယင်းခြေစမ်းခရီးစဉ် အပြီး ဇွန်လ ၄ ရက်နှင့် ၆ ရက် တို့တွင် တောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ရန်ကုနမြို့သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲများ ဆက်လက်ကစား သွားမည် ဖြစ်သည်။

ထို့ပြင် ဇူလိုင်လ ၉ ရက်တွင်လည်း ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းနှင့် မန္တလေးမြို့၌ ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို လက်ရှိတွင် နည်းပြချုပအဖြစ် နယ်သာလန် လက်ရွေးစင်အသင်းနည်းပြဟောင်း ရော်ဂျာက တာဝန်ယူကိုင်တွယ်ကာ လက်ထောက်နည်းပြအဖြစ် ဒေါ်သက်သက်ဝင်းနှင့် ဦးအောင်နိုင်တို့က ပူးတွဲလေ့ကျင့်ပေးလျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် အုပ်စု (ခ) ၌ သြစတြေးလျ ယူ-၂၀ အသင်း၊ မလေးရှားအသင်း၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် တတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်မှ သြဂုတ်လ ၄ ရက် အထိ ကျင်းပသွားမည် ဖြစ်သည်။

လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားစာရင်း
 
ဂိုး – ခင်သီတာအေး (အား/ကာ)၊ မေဇင်နွယ်(မြဝတီအက်ဖ်စီ)၊ သန္တာဦး(မြဝတီအက်ဖ်စီ)
နောက်တန်း – ခင်သန်းဝေ(မြဝတီအက်ဖ်စီ)၊ ငယ်ငယ်ထွေး(ပြည်ထဲရေး)၊ ဇင်မာထွန်း(မြဝတီအက်ဖ် စီ)၊ လဲ့လဲ့လှိုင်(မြဝတီအက်ဖ်စီ)၊ အေးအေးမိုး(မြဝတီအက်ဖ်စီ)၊ ဇင်မာဝင်း(ပြည်ထဲရေး)၊ ဖူးပွင့်ခိုင် (ပြည်ထဲရေး)၊ ဝေေ၀အောင်(အား/ကာ)
အလယ်တန်း – ခင်မိုမိုထွန်း(ပြည်ထဲရေး)၊ မေစံပယ်ဖူး(မြဝတီအက်ဖ်စီ)၊ ရူပါခိုင်(မြဝတီအက်ဖ်စီ)၊ အေးမျိုးမြတ်(မြဝတီအက်ဖ်စီ)၊ ခင်မာလာထွန်း(အား/ကာ)
ရှေ့တန်း – နီလာဝင်း(ပြည်ထဲရေး)၊ မေသူကျော်(မြဝတီအက်ဖ်စီ)၊ ဝင်းသိင်္ဂီထွန်း(မြဝတီအက်ဖ်စီ)၊ လှယဉ်ဝင်း(မြဝတီအက်ဖ်စီ)၊ နော်အားလိုဝါးဖော(ပြည်ထဲရေး)၊ ရီရီဦး(အား/ကာ)၊ ခင်မိုးဝေ(ပြည်ထဲရေး)။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required