အမေရိကန်နိုင်ငံသားတစ်ဦးကို မြောက်ကိုရီးယားက သူလျှိုမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချ

အမေရိကန်နိုင်ငံသားတစ်ဦးကို မြောက်ကိုရီးယားက သူလျှိုမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချ

ဆိုးလ်၊ ဧပြီ၊၂၉ ။               ။ တောင်ကိုရီးယားဖွား အမေရိကန်နိုင်ငံသားတစ်ဦးကို မြောက်ကိုရီးယားနိုင်ငံက သူလျှိုမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်။

ကင်မ်ဒေါင်ချူလ်ဟု အမည်ရသော အသက် ၆၂ နှစ်အရွယ်အဆိုပါအမျိုးသားသည် ပြီးခဲ့သော အောက်တိုဘာလကတည်း က မြောက်ကိုရီးယားတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

သူ့အနေဖြင့် တောင်ကိုရီးယားထောက်လှမ်းရေးအရာရှိများထံမှ အခကြေးငွေယူခဲ့ကြောင်းကို မစ္စတာကင်မ်က ပြီးခဲ့သော လအတွင်းက လူသိရှင်ကြားထုတ်ဖော်ဝန်ခံခဲ့သည်။

မြောက်ကိုရီးယားသည် အမေရိကန်နိုင်ငံသားများကို ဖမ်းဆီးပြီး နိုင်ငံရေးအရအလဲအလှယ်လုပ်ရန် အသုံးချနေသည်ဟု အမေရိကန်ပြည်ထောင်စုက စွပ်စွဲထားပြီး မြောက်ကိုရီးယားအစိုးရကမူ အဆိုပါစွပ်စွဲမှုများကို ငြင်းဆန်ထားသည်။

မစ္စတာကင်မ်ကို ပြီးခဲ့သောနှစ်အတွင်းက မြောက်ကိုရီးယားကဖမ်းဆီးခဲ့စဉ်က ထိုကိစ္စအပေါ် မှတ်ချက်တစ်စုံတစ်ရာ ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆန်ခဲ့ပြီး ဖမ်းဆီးခံရသော အမေရိကန်နိုင်ငံသားများနှင့် ပတ်သတ်ပြီး လူသိရှင်ကြားထုတ်ဖော်ပြောကြားလိုက်ပါက ၎င်းတို့လွတ်မြောက်ရေးအတွက်ဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုများ ပိုရှိတတ် ကြောင်း ပြောကြားခဲ့သည်။

ယခင်က အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်တွင် နေထိုင်ခဲ့သော မစ္စတာကင်မ်ကို ရာဆင်အထူးစီးပွားရေး ဇုန်တွင် ဖမ်းဆီးခဲ့စဉ်က စစ်ရေးနှင့် နျူကလီးယားလျှို့ဝှက်ချက်များပါသော USB တစ်ခုကို ၎င်းထံမှသိမ်းဆည်းရမိခဲ့ သည်ဟု မြောက်ကိုရီးယားအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

အမေရိကန်ထောက်လှမ်းရေးအရာရှိများက သူ့ကို တောင်ကိုရီးယားသူလျှိုများနှင့် တွေ့ဆုံပေးခဲ့ခြင်းဖြစ်ကြောင်း မစ္စတာကင်မ်က ပြီးခဲ့သောလအတွင်းက လူသိရှင်ကြား ထုတ်ဖော်ဝန်ခံရာတွင်ပြောကြားခဲ့သည်။

သို့ရာတွင် မြောက်ကိုရီးယားအာဏာပိုင်များသည် ဖမ်းဆီးထားသောနိုင်ငံခြားသား အကျဉ်းသားများကို ဖိအားသုံးပြီး လူသိရှင်ကြားဝန်ခံခိုင်းလေ့ရှိတတ်သည်။

မတ်လအတွင်းကလည်း မြောက်ကိုရီးယားအာဏာပိုင်များသည် အမေရိကန်ကျောင်းသား ဖရက်ဒရစ်ဝမ်ဘီယာကို နိုင်ငံရေးလှုံ့ဆော်မှုပိုစတာကို ခိုးယူသည်ဟုဆိုကာ နိုင်ငံတော်ဆန့်ကျင်မှုဖြင့် စွဲချက်တင်ပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required